အာဏာသိမ်းမှုကြောင့်အခက်အခဲဖြစ်နေကြချိန် ကိုဗစ်တတိယလှိုင်းပြန်ဖြစ်လာတာကြောင့် ပြည်သူအများအပြားဟာ ဒုက္ခတွေ၊ပြဿနာတွေများစွာကို ပိုမိုရင်ဆိုင်လာခဲ့ရပါတယ်။ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် အောက်ဆီဂျင်မရရှိဘဲ နေ့စဥ်လူသေဆုံးမှုတွေရှိနေပြီး ပြည်သူတွေဟာနေ့စဥ်နဲ့အမျှ စိတ်မကောင်းစရာတွေကို ကြုံတွေ့နေရပါတယ်။ အခက်အခဲတွေမျိုးစုံရှိကြပေမယ့်လည်း အားတင်းထားကြပြီး ရုန်းကန်ရှင်သန်နေကြတဲ့ ပြည်သူတွေကတော့ ဒုက္ခရောက်နေသူတွေကို ကူညီဖေးမပြီး တတ်နိုင်သလောက်လှူဒါန်းမှုတွေပြုလုပ်ပေးနေကြပါတယ်။
သံယာတော်တွေကလည်း အောက်ဆီဂျင်စက်တွေဝယ်ယူဖို့အတွက် ငွေကြေးလှူဒါန်းကြတာမျိုး၊ ပရဟိတအလုပ်တွေကို ကိုယ်တိုင်ဝင်လုပ်ပြီး ပြည်သူတွေကို ကူညီကြတာမျိုးတွေ လုပ်ဆောင်နေကြပါတယ်။ ယခုမှာတော့ ဆရာတော်တစ်ပါးဟာ တစ်မိသားစုလုံးကိုဗစ်ကူးစက်ခံထားရလို့ ဒုက္ခရောက်နေရရှာတဲ့ နေအိမ်တစ်အိမ်အတွက် စားသောက်ဖွယ်ရာတွေနဲ့ ငှက်သိုက်လေးဝယ်ပြီး ကိုယ်တိုင်သွားပို့ပေးခဲ့ပါတယ်။အဆိုပါဆရာတော်က စားစရာတွေအပြင် အရေးတကြီးလိုအပ်နေတဲ့ အောက်ဆီဂျင်အိုးကိုပါ ကိုယ်တိုင်သယ်ပြီး သွားပို့ပေးခဲ့တာဖြစ်ပါတယ်။
အခက်အခဲတွေများစွာရင်ဆိုင်ကြုံတွေ့နေရချိန် တတ်နိုင်တဲ့နေရာကနေ ကူညီပေးနေတဲ့ အဆိုပါဘုန်းဘုန်းရဲ့ လုပ်ရပ်ကို ပြည်သူတွေက လေးစားချီးကျူးနေကြပြီး သာဓုခေါ်ဆိုနေကြပါတယ်။ အဆိုပါဆရာတော်က " ယနေ့ မနက်ပိုင်းက နာရေးတွေကြွပေးနေရတော့ P+ လူနာများအတွက် ကြက်ပေါင်း မလုပ်ပေးနိုင်ဘူး စားစရာလေးတွေနဲ့ ငှက်သိုက်လေးတွေဝယ်ပြီး Oxygen အိုးနဲ့ လိုက်ပို့ပေးရတယ်။ သာကေတက တစ်အိမ်လုံးကိုဗစ်ဖြစ်နေတဲ့အိမ်ကို လိုအပ်တာလေးတွေလှူပေးဖို့ ဖုန်းဆက်တာ ပြည့်စုံနေပြီပြောလို့ ပျော်ရွှင်ရပါတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
Source : Original Uploder