လက်ရှိမှာ ဗီဇပြောင်း ကိုဗစ်ရောဂါ ကူးစက်မှုတွေကတော့ အရင် ကိုဗစ်လှိုင်းတွေထက် ဆိုးဆိုးရွားရွား မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့တွေ အပါအဝင် အခြားမြို့နယ်တွေမှာလည်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေကလည်း တစ်နေ့တခြားများလာခဲ့တာကို တွေ့မြင်ကြားသိရပါတယ်။ တချို့မှာဆိုရင်လည်း နေအိမ်တွေမှာ လူမသိသူမသိနဲ့ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးနေရတဲ့ ဖြစ်ရပ်တွေကိုလည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။
ယနေ့ ဇူလိုင်လ(၁၈) ရက်နေ့မှာလည်း စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို ထပ်မံကြားသိရပါတယ်။ ဒီသတင်းကတော့ မကွေးမြို့ ၊ စိုးကောမင်း ရပ်ကွက်၊ လမ်းငါးသွယ်အနီးက နေအိမ်တစ်အိမ်မှာ ကိုဗစ်ရောဂါကို ခံစားနေရတဲ့ သူတစ်ဦးဟာ လူမသိသူမသိ မိမိအခန့်ထဲမှာပဲ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။ သေဆုံးနေတဲ့ ရုပ်အလောင်းကိုတော့ မကွေးမြို့၊ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကပဲ သွားရောက်ကူညီပြီး သယ်ယူပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါ ကိုဗစ်ရောဂါဖြင့် သေဆုံးသွားခဲ့တဲ့ ရုပ်အလောင်းကို သွားယူခဲ့စဥ်မှာလည်း အခန်း တံခါးကိုဂျက်ချထားတာကြောင့် ပရဟိတအသင်းသမားတွေက အမိုးပေါ်ကနေဝင်ရောက်ပြီး ခဲရာခဲဆစ် သယ်ယူခဲ့ရတယ်လို့ ကြားသိရပါတယ်။ ဒီသတင်းလေးကို တွေ့မြင်ကြားသိရတဲ့ ပြည်သူတွေကလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေလည်း ကျန်းမာရေးအထူးကောင်းမွန်အောင် ဂရုတစိုက် နေထိုင်သွားလာကြဖို့ သတိပေးပြောကြားရင်း စိတ်မကောင်းစရာ ဒီသတင်းလေးကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း