မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ ဘိလိယက်လက်ရွေးစင်ကစားသမား ချစ်ကိုကိုဟာ ယနေ့မနက်ပိုင်းမှာ ဆုံးပါသွားခဲ့ပြီလို့ သိရပါတယ်။ လက်ရွေးစင်ကစားသမား ချစ်ကိုကိုဟာ ပြီးခဲ့တဲ့ လကတည်းက နေမကောင်းဖြစ်ခဲ့ပြီး ဆေးစစ်ဆေးချက်များအရ ကိုဗစ်ရောဂါဖြစ်နေတာကြောင့် ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၂) ရက်နေ့ မနက်ပိုင်းမှာတော့ စိတ်မကောင်းစွာနဲ့ပဲ အောင်ဆန်းကွင်းရှိ အဖွဲ့ချုပ်လေ့ကျင့်ရေးခန်းမှာပဲ ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။

ဘိလိယက်ကစားသမား ချစ်ကိုကိုဟာ ၂၀၂၁ ခုနှစ် လာမယ့် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်)မှာ ဝင်ရောက်ယှဥ်ပြိုင်ကစားဖို့အတွက် အောင်ဆန်းကွင်းရှိ အဖွဲ့ချုပ်လေ့ကျင့်ရေးမှာ Camp ဝင်နေတာ ဖြစ်ပါတယ်။ ဘိလိယက်လောကမှာ လူအများလေးစားအားကျရလောက်အောင် ထူးချွန်ခဲ့သူဖြစ်တာကြောင့် ၂၀၁၃ ခုနှစ်လောက်မှာ ချစ်ကိုကိုဟာ မြန်မာ့လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီးတဲ့နောက်မှာလည်း အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ကမ္ဘာ့ဘိလိယက်ချန်ပီရှစ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အောင်မြင်မှုသရဖူတွေကို ရယူနိုင်ခဲ့သူပဲဖြစ်ပါတယ်။ ယခုလို မြန်မာနိုင်ငံရဲ့ အလွန်အားထားရတဲ့ လက်ရွေးစင်ကစားသမားတစ်ယောက် ဆုံးရှုံးခဲ့ရတာကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေနဲ့လည်း ထပ်တူဝမ်းနည်းရပါတယ် ။

Source - Original Upload