ဇွန်လ (၁၆)ရက်နေ့က တီးတိန် PDF စခန်းကို ဇိုမီးတော်လှန်ရေး တပ်မတော်က ဝင်ရောက်ကာ တာလပတ်တွေနဲ့ မိုးကာ ဆောက်လုပ်ထားတဲ့ တဲအိမ် (၃)လုံးကို မီးရှို့ဖျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ယင်း တဲအိမ်မီးလောင်သွားတာကြောင့် အတွင်းထဲမှာရှိတဲ့ မီးစက် နဲ့ ဓာတ်ဆီ၊ ဆန်၊ဆီ၊ဆား၊အားလူး စတဲ့ လူအယောက်တစ်ရာအတွက် (၄၅)ရက်စာများ အားလုံးမီးလောင်ပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးဝါးပစ္စည်းတွေနဲ့ အခြားပစ္စည်းများအပါအဝင် တူမီးသေနတ်များ၊ တစ်လုံးပြုံး (၅)လက်နဲ့ သိန်း(၆၀)ဝန်းကျင် ပစ္စည်းများပါသွားပြ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း သိန်း(၁၅၂) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဇိုမီးတပ်မတော်ဟာ ချင်းအမျိုးသား တော်လှန်ရေး (အရှေ့ပိုင်းတိုင်း)တပ်ဖြစ်ပြီး တီးတိန် PDF စခန်းကိုဝင်ရောက်ဖျက်စီးတာဟာ မေလ (၂၂)ရက်နေ့တုန်းက တစ်ကြိမ်နဲ့ ယခု ဇွန်လ(၁၆)နေ့မှာ ဒုတိယအကြိမ်ဖြင့် သတိပေးဖျက်စီးခဲ့တယ်လို့ ကြားသိရပါတယ်။

တီးတိန် PDF စခန်းကို ဝင်ရောက်ဖျက်စီးခဲ့တာနဲ့ ပတ်သက်ပြီး ဇွန်လ (၁၇)ရက်နေ့မှာ ဇိုမီးတော်လှန်ရေး တပ်မတော်က သဘောထားထုတ်ပြန်ချက်တစ်ခုကို ဖော်ပြလာခဲ့ပါတယ်။ ၎င်းတို့ထုတ်ပြန်ချက်ထဲမှာ မိမိတို့ လှုပ်ရှားနယ်မြေအတွင်း သီးခြားလက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ခြင်းကို လုံးဝလက်ခံမှာမဟုတ်ကြောင်း တာဝန်ရှိသူများထံ အကြိမ်ကြိမ်သတိပေးထားတယ်လို့ ဖော်ပြထားသလို စာသင်ကျောင်း၊ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း(သို့မဟုတ်) သေကြေထိခိုက်စေမယ့် ဗုံးဖောက်ခွဲခြင်းများ ပြုလုပ်နေတဲ့ မည်သည့်အဖွဲ့အစည်းများမဆို ပြတ်သားစွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။


သတင်း အရင်းအမြစ်៖ Source - Original Upload