ဇွန် (၁၃) ရက် ညနေပိုင်းက ဒီပဲယင်းမြို့နယ် အင်ပင် (ယဒင်) ကျေးရွာ အုပ်ချုပ်ရေးမှုး၏ မိသားစုဝင်တစ်ဦးနှင့် ကြည်ရွာအုပ်ချုပ်ရေးမှူး၏ မိသားစုဝင်နှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် ယနေ့ ဇွန်လ (၁၄) ရက် မွန်းလွဲပိုင်းမှာ အင်ပင်ရွာ၊ ယဒင်ရွာ၊ ဘုတ်ရွာ၊ ဆပ်ပြာကျင်းရွာများ အတွင်းသို့ စစ်ကောင်စီတပ်တွေက သနတ်ပစ်ဖောက်ဝင်ရောက်စီးနင်းမှုတွေလုပ်ခဲ့ကြပါတယ်။ ဒီလိုအကြမ်းဖက် လုပ်ရပ်တွေလုပ်ခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးကင်းလုံခြုံမှုအတွက် ပြေးလွှားရွှေ့ပြောင်းနေခဲ့ရပါ တယ်။ "ဆပ်ပြာကျင်းရွာ ရွာအဝင်ကတည်းက သေနတ်တွေပစ်ပြီး ဝင်လာတယ်။ ရွာသားအချို့ကို ရိုက်နှက်ဖမ်းဆီးထားတာရှိတယ်။ ရွာက ကလေး၊လူကြီး ရွာမှာမနေရဲဘဲ ထွက်ပြေးနေရပါတယ်။ ခုထိ စစ်ကောင်စီတပ်တွေ ရွာတွေမှာရှိတုန်းပါပဲ"ဟု ဒီပဲယင်းဒေသခံတစ်ဦးကပြောကြားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖက်ကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုတွေကို ပြည်သူတွေကမကြိုဆိုကြပါဘူး။ ဒါ့အပြင်အုပ်ကြီးအချို့ရဲ့စစ်ဆေးမှုကြောင့် ဖမ်းဆီးခံလိုက်ရသူတွေလည်းမနည်းမနောပါပဲ။ ဒီလိုလုပ်ရပ်တွေကြောင့်လည်း စစ်ကောင်စီတပ်ဖက်က ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှုတွေရဲ့ အသက်ဟာမကြာခဏဆိုသလို အခြွေခံရနေရတာပါ။ ပြီးခဲ့တဲ့ ဇွန်လ (၁၃) ရက်နေ့မှာ ဒီပဲယင်းမြို့နယ်က အင်ပင် (ယဒင်) ကျေးရွာနဲ့ ကြည်ရွာက အုပ်ချုပ်ရေးမှုးတို့ရဲ့ မိသားစုဝင်သုံးယောက်သတ်ဖြတ်ခံခဲ့ရပြီး ယနေ့ ဇွန်လ (၁၄) ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေ အခုလိုဝင်ရောက်ပစ်ခတ်ဖမ်းဆီးမှုတွေ ရှိလာခဲ့တာပါ။
အခြေအနေဆိုးတွေကိုရင်ဆိုင်နေရတဲ့ကျေးရွာသူကျေးရွာသားတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းရင်း မိမိတို့ရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြရပါတယ်။ စစ်ဘေးရှောင်ရတဲ့ ဘဝတွေဟာ ကြမ်းတမ်းလွန်းတာကြောင့် အခုလိုမိုးရာသီမှာဆို စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝတွေဟာ ပိုလို့တောင်ခက်ခဲကြမှာပါ။ နေထိုင်စားသောက်မှုတွေလည်းကျပ်တည်းပြီး အသက်ဘေးအတွက်လည်း တစ်ချိန်လုံး စိုးထိတ်နေရမယ့်ဘဝတွေအတွက်တော့ တကယ်ကိုဝမ်းနည်းမိပါတယ်။ အရာအားလုံး အမြန်ဆုံးအေးချမ်းဖို့ပဲ ဆုတောင်းပါတယ်။
သတင်း အရင်းအမြစ်៖ Zeyar Times's FB Acc