လက်ရှိမှာဆိုရင် ကျဆုံးသွားတဲ့သူတွေနဲ့ ဖမ်းဆီးခံလိုက်ရသူတွေအတွက် ပြည်သူလူထုက အားမလျော့ကြဘဲ ဒီမိုကရေစီရရှိအောင် ဆက်လက်ကြိုးစားနေကြဆဲဖြစ်ပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားလူငယ်တွေကလည်း အပြင်ကပြည်သူတွေကို ယုံကြည်လို့ ထောင်ထဲမှာ သည်းခံပြီးနေထိုင်နေကြတာဖြစ်ပါတယ်။တချို့လူငယ်လေးတွေခမျာ သေဒဏ်ဆိုတဲ့ အမိန့်ချမှတ်ခံလိုက်ရတာကြောင့် မိသားစုဝင်တွေလည်း ဝမ်းနည်းနာကျင်ကာ ဘာမှမလုပ်နိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။


တချို့ပြည်သူတွေနဲ့ ရှေ့နေတွေကတော့ ဖမ်းဆီခံလိုက်ရတဲ့လူငယ်တွေအတွက် တတ်နိုင်သလောက် ကူညီပေးကြပြီး စေတနာ၊မေတ္တာနဲ့ဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ တချို့ကျောင်းသားတွေရဲ့ မိသားစုဝင်တွေက သူတို့သားလေးတွေ ထောင်တွင်းဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရကြောင်းကို ဝမ်းနည်းစွာနဲ့ရင်ဖွင့်လာတာဖြစ်ပါတယ်။တချို့လူငယ်တွေဆိုရင် အင်းစိန်ထောင်ကို စတင်ရောက်ရှိခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ စစ်ကြောရေးကိုပို့ဆောင်ခံလိုက်ရပြီး ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။



ဒါ့အပြင် အတူတူအဖမ်းခံလိုက်ရတဲ့ သူငယ်ချင်းတွေကိုလည်း ထောင်အာဏာပိုင်တွေက တစ်နေရာစီခွဲထားလိုက်ကြတယ်လို့ သိရပါတယ်။နောက်ထပ်လည်း ကျောင်းသားတွေကို အစာငတ်ခံဆန္ဒပြရန် ဦးဆောင်တယ်လို့ စွပ်စွဲပြီး(၃)ညအိပ် (၄)ရက် တိုက်ပိတ်ထားတာဖြစ်ပါတယ်။ကျောင်းသားတွေခမျာ ထောင်ထဲမှာ အလုပ်ကြမ်းတွေလည်းလုပ်ရပြီး ညှင်းပန်းနှိပ်စက်မှုဒဏ်တွေကိုပါ ခံစားနေရတာဖြစ်ပါတယ်။မိသားစုဝင်တွေအနေနဲ့လည်း မိမိတို့ရဲ့သားတွေအတွက် ယူကြုံးမရဖြစ်လို့ ဒီအဖြစ်အပျက်တွေကို ရင်ဖွင့်လာတဲ့အကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source&Photo Credit: University Of Yangon Students’ Union-UYSU