ခုဆိုရင်မြန်မာနိုင်ငံ နေရာအနှံအပြားက ပြည်သူတွေဟာ ငြိမ်းချမ်းစွာ Strike လုပ်နိုင်မယ့် နည်းလမ်းအစုံကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုတွေကို ညီညီညွတ်ညွတ် ပြုလုပ်နေကြတာ တကယ်ကို လေးစားစရာ မြင်ကွင်းတွေပါပဲနော်။ ထိုမြင်ကွင်းတွေကပဲ ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းမီဒီယာတွေထိ ရောက်ခဲ့သလို လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေကို ချီးကျူးဂုဏ်ပြုနေကြတာပါ။
အပြင်ထွက်နိုင်သူတွေလည်း လမ်းမထက်မှာ ဆန္ဒထုတ်ဖော်ကြသလို အိမ်ပြင်မထွက်နိုင်သူတွေကလည်း သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြကာ ရရာနေရာကနေ ပါဝင်ပေးနေကြတာပါ။ဒီရက်ပိုင်းမှာဆိုရင်လည်း ရန်ကုန် မန္တလေး စတဲ့ မြို့ကြီးအပါအဝင် အခြားနေရာအစုံမှာလည်း ပြောက်ကျားသပိတ်တွေကို လူငယ်တွေ ပြန်လည် လှုပ်ရှားလာကြတာတွေ့မြင်ရပါတယ်။ဒီနေ့ထိ အပစ်အခတ်တွေ ဖမ်းဆီးမှုတွေ နေရာတိုင်းမှာရှိနေပေမယ့် ပြည်သူအားလုံးက လက်မလျော့သွားဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်တိုးနေကြတာလည်းဖြစ်ပါတယ်။
ဧပြီလ (၃၀) ရက်နေ့မှာဆိုရင်လည်း မိုးကုတ်မြို့ ဒေသခံတိုင်းရင်းသားလူငယ်တွေစုပေါင်းပြီး သရက်သီးတွေပေါ်မှာ မိမိတို့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ရေးဆွဲကာ သရက်သီးသပိတ်ကို လှုပ်ရှားခဲ့ကြတာတွေ့မြင်ရပါတယ်။လူငယ်တွေရဲ့ တီထွင်နိုင်စွမ်းတွေကတော့ တကယ်ကို ချီးကျူးလေးစားစရာပါပဲနော်။ဒါ့အပြင်အရင်ရက်တွေမှာဆိုရင်လည်း မိုးကုတ်မြို့ရှိလူငယ်လေးတွေဟာ သပိတ်စစ်ကြောင်းမျိုးစုံကို ချီတက်လှုပ်ရှားခဲ့ကြသလို စက္ကူသပိတ်နဲ့ ပတ္တမြားမြေတွင်းသားသပိတ်စတဲ့ လှုပ်ရှားမှုမျိုးစုံမှာ ပါဝင်ခဲ့တာလည်းတွေ့ရပါတယ်။