ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ twitter ပေါ်မှာတော့ ဖမ်းဆီးခံထားရတဲ့ မုံရွာက ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံထားရတာ ၇ ရက်ကျော်လာခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့မိခင်ဖြစ်သူကလည်း သားဖြစ်သူရဲ့ ကျန်းမာရေးကို အလွန်အမင်းစိုးရိမ်နေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နေတာကို တွေ့ရပါတယ်။
ကိုဝေမိုးနိုင်ဟာ ဖမ်းဆီးမခံရခင်ထဲက မုံရွာလူထု အတွက် အာဏာရှင်ကို ဆန့်ကျင်တဲ့ သံချပ်ကို ထားရှိခဲ့သလို CDM ကို ဆက်လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါ သေးတယ်။
သို့ပေမယ့် ဖမ်းဆီးခံရပီးထဲက ကိုဝေမိုးနိုင်ရဲ့နောက်ဆက်တွဲအခြေအနေကို မသိရှိရတော့တာကြောင့် ပြည်သူတွေကစိုးရိမ်နေကြတာကိုလည်း တွေ့ရပါတယ်။
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ဒီကနေ့မနက် ၁၀ နာရီခွဲ ဝန်းကျင်လောက်မှာ မန္တလေးမြို့အတွင်းက မြရည်နန္ဒာအိမ်ယာမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာတော့ မန္တလေးကွန်ပျူတာ တက္ကသိုလ်က ကျောင်းသား ကိုပြည့်ဖြိုးကျော်ပါဝင်တယ်လို့ သိရပါတယ်။
နောက်ထပ်သတင်း တစ်ပုဒ်အနေနဲ့ကတော့မြန်မာနိုင်ငံအတွင်းက မြို့နယ်အချို့မှာ နွေဦးအသံဆိုတဲ့ စာစဥ်ဖြန့်ချီနေတဲ့ သတင်းတွေ ပျံ့နေတာကို တွေ့ရပါတယ်။
လက်ရှိအချိန်မှာ အင်တာနက်တွေ ဖြတ်တောက်ထားမှုကြောင့် သတင်းစီးဆင်းမှုအား နည်းနေသလို အပြင်းအထန်ဖြိုခွဲခံနေရပေမယ့်လည်း လူငယ်တွေကတော့ တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။