လက်ရှိမှာတော့ လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေရဲ့သတင်းက ကြားသိရသူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့မှာလည်း သာကေတမြို့နယ်၊ (၆) ရပ်ကွက်မှာ လူစုခွဲဖြိုခွင်းခံခဲ့ရတာကြောင့် ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်နေတဲ့ အသက် (၁၆)နှစ်အရွယ် လူငယ်လေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်ကတော့ မောင်အောင်ကောင်းထက် (ခ) ကောင်းကောင်းပဲ ဖြစ်ပါတယ် ။
မောင်အောင်ကောင်းထက်အတွက် ဝမ်းနည်းပူဆွေးပြီး စိတ်မကောင်းဖြစ်နေရတဲ့သူတွေထဲမှာတော့ သူ့ရဲ့ချစ်သူကောင်မလေးလည်း ပါဝင်တာပဲ ဖြစ်ပါတယ် ။ ကောင်မလေးက အသက်မဲ့သွားပြီဖြစ်တဲ့ သူမချစ်သူရဲ့ ရုပ်အလောင်းဘေးမှာထိုင်ပြီး ကောင်လေးရဲ့မျက်နှာကို တစ်ဝကြီးကြည့်နေခဲ့တာ ဖြစ်ပါတယ် ။ ချစ်သူရဲ့လက်လေးကိုဆုပ်ကိုင်ပြီး နောက်ဆုံးအနေနဲ့ နှုတ်ဆက်နေတဲ့ ကောင်မလေးရဲ့ပုံရိပ်ကတော့ တကယ့်ကို ဝမ်းနည်းကောင်းလှပါတယ် ။
ကောင်မလေးက သူမရဲ့ချစ်သူ မောင်အောင်ကောင်းထက်ရဲ့စျာပနခရီးကိုလည်း လိုက်ပါပို့ဆောင်ခဲ့သေးတာ ဖြစ်ပါတယ် ။ နောက်ဆုံးတွေ့ရတဲ့ချိန်မှာ ချစ်သူကို ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးပြီး ဘယ်လောက်ချစ်ကြောင်းပြောပြနေတဲ့ ကောင်မလေးရဲ့စကားတွေက ထိခိုက်ကြေကွဲစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ အနာဂတ်တွေအတွက် အတူတူစဥ်းစားခဲ့ကြပေမယ့်လည်း ခွဲခွာခဲ့ရပြီဖြစ်တဲ့ ချစ်သူနှစ်ဦးရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မောင်အောင်ကောင်းထက်လည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source & Photo Credit-Original Uploader