ဖေဖော်ဝါရီလကတည်းကနေ အခုချိန်အထိ ကိုယ့်နိုင်ငံအကျိုးအတွက် ကြိုးစားပေးနေတဲ့ ပြည်သူတွေထဲမှာတော့ လူငယ်တွေက ထိပ်ဆုံးနေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်လေးတွေ ဖြစ်ကြပေမယ့်လည်း အန္တရာယ်ကိုတောင် မကြောက်ရွံ့ဘဲ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကို အားလုံးကချီးကျူးနေရတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း အသက် (၁၅)နှစ်အရွယ်သာရှိသေးတဲ့ သူရဲကောင်း မိန်းကလေးတစ်ဦးက ပြီးခဲ့တဲ့ရက်ကပဲ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

သူမကတော့ တောင်ဒဂုံမြို့နယ် (၅၅)ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်ပြီး နာမည်ကတော့ "မဇူးဝင့်ဝါ" ပဲ ဖြစ်ပါတယ် ။ အသက်ငယ်သေးပေမယ့်လည်း မြင့်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ခဲ့တဲ့ မဇူးဝင့်ဝါက သူမအသက်ရှိနေတဲ့ အချိန်ကတည်းကပင် ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တာ ဖြစ်ပါတယ် ။ မဇူးဝင့်ဝါက စာရွက်တစ်ခုမှာ သူမရဲ့ရင်ထဲက ဖြစ်စေချင်ခဲ့တဲ့ဆန္ဒတွေကို လက်မှတ်ထိုးပြီး ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ် ။


စာထဲမှာတော့ သူမရဲ့နာမည်နဲ့ လိပ်စာအပြင် "သမီးသေသွားခဲ့ရင် မကယ်ပါနှင့် သမီးကိုထားပြီး နိုင်အောင်ကြိုးစားကြပါ ဒီတိုက်ပွဲအောင်ရင် သေပျော်ပါပြီ ကမ္ဘာမကြေဘူး" ဆိုပြီး ရေးသားခဲ့တာပဲ ဖြစ်ပါတယ် ။ မဇူးဝင့်ဝါရဲ့ဓာတ်ပုံဘေးမှာရှိနေခဲ့တဲ့ ဒီစာလေးကို ဖတ်ရှုလိုက်ရတဲ့ ပြည်သူတွေအနေနဲ့ကလည်း သူမရဲ့စိတ်ဓာတ်ကို ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ အသက် (၁၅)နှစ်အရွယ် သူရဲကောင်းမလေး ရေးသားခဲ့တဲ့စာကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ မမဇူးဝင့်ဝါလည်း ကောင်းရာသုဂတိလားပါစေလို့ အားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။
Source & Photo Credit-Original Uploader







