လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတွေကတော့ မိမိတို့ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် အင်အားအပြည့်နဲ့ရုန်းကန်နေကြတာဖြစ်ပါတယ်။ပြည်သူလူထုအချင်းချင်းကလည်း စိတ်ဝမ်းမကွဲကြဘဲ တစ်သွေးတည်း၊တစ်သားတည်းရှိနေကြတာဖြစ်ပါတယ်။အမြို့မြို့၊အနယ်နယ်မှာရှိတဲ့ ပြည်သူတွေက ရက်ပေါင်း(၄၂)ရက်ကြာမြင့်သွားပြီဖြစ်တဲ့ ဒီအခြေအနေကို မလျော့သောဇွဲ၊လုံ့လ၊ဝီရိယတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။ပြည်သူလူထုရဲ့ ဇာတိသွေး၊ဇာတိမာန်တွေကတော့ အရမ်းထက်သန်ကြလို့ နေ့တိုင်းမမောမပန်းနိုင်ဘဲ ရှေ့သို့ချီတက်နေကြတာဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ သူရဲကောင်းတွေလည်း မနေ့က အချိန်အထိ အယောက် (၂၀၀ )နီးပါး ရှိပြီ ဖြစ်ပါတယ်။ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို ပြည်သူတွေက အမြဲအောက်မေ့သတိရပြီး ကျန်ရစ်သူမိသားစုကိုလည်းတတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုအတွင်းမှာဆိုရင် မိန်းကလေးတွေကအစ ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်နေပြီး အချင်းချင်းကာကွယ်ပေးနေကြတာဖြစ်ပါတယ်။(၁၄.၃.၂၀၂၁) မနေ့ကဆိုရင်တော့ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိသလို သေဆုံးသူတွေလည်း ထပ်မံတိုးပွါးလာခဲ့တာဖြစ်ပါတယ်။
မနေ့ကဆိုရင် မြေပြင်ပေါ်မှာ ကျည်ထိလို့လဲကျသွားတဲ့သူကို ပြည်သူတစ်ဦးက မိမိရဲ့အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ပြန်ဆွဲထူပေးနေတာဖြစ်ပါတယ်။ဒီလိုမျိုး အချင်းချင်းကာကွယ်ပေးကြတဲ့ စိတ်ဓာတ်အပြည့်ရှိပြီးအန္တရာယ်ကြားထဲမှာ တစ်ယောက်တည်း မထားခဲ့တဲ့ မြင်ကွင်းလေးက မြင်တွေ့ရသူတိုင်းကို ရင်ထဲထိမှန်စေပါတယ်။ပြည်သူတွေကတော့ မိမိတို့မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့သာ အသက်အန္တရာယ်ကို အစွမ်းကုန်ကာကွယ်နေရတာဖြစ်ပါတယ်။အခုလိုအချိန်မှာ အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေနဲ့ကြုံတွေ့နိုင်ပေမယ့်လည်း အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီကို ဦးညွှတ်ဂါရဝပြုပါတယ်နော်။
Source&Photo Credit: Original Uploder