မျှစ်ဆတ်ဟင်း ခေါ် မျှစ်စိမ်းဟင်း ချက်နည်း

//s9.kh1.co/ec/ecd852c841f3d9861e9f67b2e4a21d8dc4ff9b2f.jpg
MPT Lifestyle

 ၀၆-သြ-၂၀၂၄ ၁၁am · လွန်ခဲ့သော တစ်နှစ် က

မျှစ်ဆတ်ဟင်း ခေါ် မျှစ်စိမ်းဟင်း ချက်နည်း

 အထက်အညာဒေသမှာ ချက်စားလေ့ရှိတဲ့ မျှစ်ဆတ်ဟင်း ခေါ် မျှစ်စိမ်းဟင်း ချက်နည်းလေးကို ဝေမျှချင်ပါတယ်  လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

https://s9.kh1.co/__image/w=650,h=342,q=100/54/54f1ec7b2af99999357bdda20a8c5d60cb74c2d8.jpg
  • မျှစ်စိမ်း ၃ ချောင်း
  • ကြက်သွန်နီ ၁ လုံး
  • ခရမ်းချဉ်သီး အသေး ၁ လုံး
  • ပုဇွန်ခြောက် ဟင်းစားဇွန်း ၁ ဇွန်း
  • လုံးသွယ်မွှေးဆန် သို့မဟုတ် ပေါ်ဆန်းမွှေးဆန် ဟင်းစားဇွန်း ၁ ဇွန်း
  • နနွင်းမှုန့်အနည်းငယ်
  • ဆားအနည်းငယ်
  • ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့် လဖက်ရည်ဇွန်း တစ်ဝက်
  • ပင်စိမ်းရွက် သို့မဟုတ် ရှမ်းနံနံ ၅ ခက်
  • ဆီ ဟင်းစားဇွန်း ၁ ဇွန်း
https://s9.kh1.co/__image/w=650,h=342,q=100/e0/e004644305f95b1dd3cc072669ef2380eca4fa88.jpg
  1. မျှစ်စိမ်းကို အဖူးလိုက်ဝယ်လာရင် ခပ်ပါးပါးလှီးပါ လှီးပြီးသော မျှစ်စိမ်းများကို ရေဖြင့် ဆေးပြီးနောက် ရေအေးဖြင့် စိမ်ထားပါ
  2. ကြက်သွန်နီကို ပါးပါးလှီးထားပါ ခရမ်းချဉ်သီးကို အစေ့များထုတ်ပြီး ခပ်ပါးပါးလှီးထားပါ ကြက်သွန်ထည့်တာကတော့ မျှစ်စိမ်းကို ပိုချိုစေချင်တာဖြစ်ပြီး ခရမ်းချဉ်သီးကတော့ အရောင်လှစေဖို့အတွက် ထည့်တာပါ
  3. ပုဇွန်ခြောက် ရေဆေး၍ ငရုတ်ဆုံဖြင့်ထောင်းပါ ဈေးထဲမှာအလွယ်တကူဝယ်လို့ရတဲ့ ပုစွန်ခြောက်မှုန့်တွေထက် ပုစွန်ခြောက်ကို ငရုတ်ဆုံနဲ့ မညက်တညက်ထောင်းထည့်တာကတော့ မြန်မာ့ရိုးရာနည်းမို့လို့လားမသိဘူး ပိုပြီးစားကောင်းသလိုပဲ ငရုတ်ဆုံနဲ့ထောင်းဖို့ အဆင်မပြေရင်လည်း ကြိက်စက်နဲ့ကြိတ်လည်းရပါတယ် 
  4. လုံးသွယ်မွှေး သို့မဟုတ် ပေါ်ဆန်းမွှေးဆန်ကို ရေစင်ကြယ်စွာ ဆေးပြီး  ငရုတ်ဆုံ သို့မဟုတ် ကြိတ်စက်နဲ့ အမှုန့်ပြုလုပ်ပါ အသင့်ထုတ်ထားတဲ့ ဆန်မှုန့်အစိမ်းကို သုံးရင်လည်းရပါတယ်
  5. ချက်ပြုတ်မည့်အိုးထဲသို့ ပါဝင်ပစ္စည်းများဖြစ်တဲ့ ဆီ၊ မျှစ်စိမ်း၊ ဆန်မှုန့်နဲ့ နနွင်းမှုန့်၊ ပုစွန်ခြောက်မှုန့် တို့ကို ထည့်၍ လက်ဖြင့် နှံ့စပ်အောင်နယ်ပါ နနွင်းမှုန့်ကိုတော့ လက်ဖက်ရည်ဇွန်းဖျားလေးနဲ့ပဲထည့်သင့်ပါတယ်နော်၊ များသွားရင် နနွင်းနံ့ နံသွားမှာစိုးလို့ပါ
  6. နှံ့စပ်အောင်နယ်ပြီးပါက လှီးထားတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီတို့ကို ထည့်ပါ ထို့နောက် ရေဖန်ခွက် ၃ ခွက်ခန့်ထည့်ပြီး ဟင်းအိုးကို အဖုံးအုပ်၍ အချိန် (၁၅)မိနစ်ခန့် တည်ထားပါ ရေအနည်းငယ်ကျန်ပါက ရေ(၁)ခွက်ခွဲခန့်ထည့်၍ အဖုံးအုပ်ပြီးဆက်၍ တည်ထားပါ
  7. မျှစ်စိမ်းကျက်၍ ဟင်းရည်များ ပွက်ပွက်ဆူပြီး အနံ့များမွှေးကြိုင်လာပါက ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး မျှစ်စိမ်းကို မြည်းစမ်းကြည့်ပါက စပ်ရှားရှားအရသာမဟုတ်ဘဲ ချို၍ ခပ်ဆတ်ဆတ်နှင့် စားကောင်းသော အရသာရရှိပါက ပင်စိမ်း သို့မဟုတ် ရှမ်းနံနံထည့်ပြီး စားသုံးလို့ရပါပြီ 
https://s9.kh1.co/__image/w=650,h=342,q=100/a9/a9cf33d27d993b51ee94210d3f24b162bfe046eb.jpg
https://s9.kh1.co/__image/w=512,h=346,q=100/53/53b338884c8e450e4c58616f0c281f475b027344.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T