ဒီတခါမှာတော့ အဖွားတို့ခေတ်က ကြော်ကျွေးနေကျ ငါးကြော်ကို ငရုတ်သီးခွဲခြမ်းကလေးနဲ့ အစပ်အဟပ်တည့်တည့်လေး ကြော်စားကြရအောင်။
ငါးကြော်စပ်နှပ်လေး ရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
၁။ ငါးကြင်း ၂။ နနွင်းမှုန့် ၊ အရောင်တင်မှုန့် ၃။ ဆား ၊ ဟင်းခတ်မှုန့် ၄။ ငရုတ်သီးခွဲခြမ်းမှုန့် ၅။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ပဲ ဖြစ်ပါတယ်။

ပထမဆုံး ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ရေစင်အောင် ဆေးထားပေးပါမယ်။ ပြီးရင်တော့ ငါးကြင်းကို ကိုယ်လိုချင်တဲ့ အရွယ်အစား ခုတ်ပေးပြီး ဇလုံတစ်လုံးထဲ ထည့်လိုက်ပါမယ်။ ငါးညှီနံ့ မရအောင် ဇလုံထဲကို နနွင်းမှုန့် အနည်းငယ် ထည့်လိုက်ပါမယ်။ ဆား နဲ့ ဟင်းခတ်မှုန့် အချိုးကျ ထည့်ပေးပါမယ်။ ပြီးရင်တော့ ငါးကြင်းနဲ့ အတူ အရသာနှံ့အောင် ရောသမ နယ်လိုက်ပါမယ်။ အဲ့တာမှ အရသာက ငါးအသားထဲကို ဝင်ပြီး ပိုစားလို့ကောင်းမှာပဲ ဖြစ်ပါတယ်။ ဒယ်အိုးကို မီးဖွင့်ပြီး ဆီထည့်လိုက်ပါမယ်။ ဆီဆူလာပြီဆိုရင်တော့ အရသာနယ်ထားတဲ့ ငါးကြင်းတွေကို ဒယ်အိုးထဲ အစီအရီ ထည့်ကြော်လိုက်ပါမယ်။

ငါးမတူးအောင်လို့ အညိုရောင် သမ်းပြီဆိုတာနဲ့ အပေါ်အောက် လှန်ပေးပါမယ်။ ငါးလေး ကြွပ်ပြီး ကျက်သွားပြီဆိုရင်တော့ ဆီစစ်ပြီး ခဏ ထားထားပေးပါမယ်။ ငါးကြင်းကြော်တဲ့ဆီနဲ့ပဲ အသင့် လှီးထားတဲ့ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါမယ်။ ကြက်သွန်နံ့လေး သင်းလာပြီဆိုရင်တော့ အရောင်တင်မှုန့်အနည်းငယ် ထည့်လိုက်ပါမယ်။ ပြီးရင်တော့ ကျက်ပြီးသား ငါးကြော်လေးကို ကြက်သွန်ကြော်လေးအိုးထဲ ရောထည့်မွှေပေးပါမယ်။ ငါးကြော်စပ်နှပ်ရဲ့ အသက်ဖြစ်တဲ့ ငရုတ်သီးခွဲခြမ်းမှုန့်ကို ကိုယ်လိုချင်တဲ့ အစပ်ပမာဏအလျောက် ထည့်လိုက်ပါမယ်။ အရသာနှံ့သွားအောင် အစာပလာအားလုံးကို ရောသမမွှေပေးပါမယ်။ ကိုယ်က အငံကြိုက်သူဆိုရင်တော့ ဆားလေး အနည်းငယ် ထပ်ထည့်လို့ရပါတယ်နော်။ ဒါဆိုရင်တော့ ငရုတ်သီးနံ့လေး သင်းလာပြီဆိုရင် တကယ့်ကို စားလို့ကောင်းတဲ့ ငါးကြော်စပ်နှပ်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။






