ဗမာဟင်းတွေချည်း စားရတာ ရိုးနေပြီဆိုရင်တော့ စားလို့ကောင်းပြီး အစပ်အဟပ်တည့်တဲ့ ငါးရှဉ့်ခြောက်စပ်လေးကို တစ်ခါလောက် စားကြည့်ကြည့်ရအောင်။
ငါးရှဉ့်ခြောက်စပ်လေးရဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
၁။ ငါးရှဉ့် ၂။ ကော် ၊ ဂျုံ ၊ ကြက်ဥ ၃။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၄။ ငြုပ်သီးလေးခြမ်းခွဲ ၅။ မဆလာ ၊ ဟင်းခတ်မှုန့် ၊ ဆား၆။ ပျင်းတော်သိမ်းရွက် တို့ပဲ ဖြစ်ပါတယ်။
ပထမဆုံး ရေစင်အောင် ဆေးပြီး ကျောခွဲကာ အလယ်ရိုးလေး ထုတ်ပါမယ်။ ပြီးရင်တော့ ၃ လက်မဝန်းကျင်အနေအထား ငါးရှဉ့်အသားချောင်းပုံသဏ္ဍာန်လေး လှီးထားပါမယ်။ ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါမယ်။ ဟင်းခတ်မှုန့် နဲ့ ဆားအနည်းငယ်ထည့်ပြီး ငါးရှဉ့်ကို အရသာ နှပ်ထားပါမယ်။ ကော် ၊ ဂျုံ ၊ ကြက်ဥအနည်းငယ် ၊ မဆလာ အနည်းငယ် နဲ့ ဟင်းခတ်မှုန့်အနည်းငယ်ကို ရောစပ်ပြီး မွှေလိုက်ပါမယ်။ ပြီးရင်တော့ ငါးရှဉ့်အသားချောင်းလေးတွေ ရှိတဲ့ပန်းကန်ထဲကို လောင်းထည့်လိုက်ပါမယ်။ နှံ့စပ်အောင် အကုန် ရောသမ မွှေထားပါမယ်။ ဒယ်အိုးကို ဆီထည့်ပြီး မီးဖွင့်လိုက်ပါမယ်။ ဂျုံနဲ့ နယ်ထားတဲ့ ငါးရှဉ့်အသားချောင်းလေးတွေကို တစ်ချောင်းချင်းဆီ ဆီအိုးထဲကို ဖြည်းဖြည်းချင်း ထည့်ပါမယ်။ ကြားထဲမှာ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ပါးပါးလှီးထားတာလေးကို ဂျုံမှုန့်အနည်းငယ်နဲ့ ရောနယ်ထားပါမယ်။
အထက်အောက် လှန်မွှေပေးရင် နီညိုရောင် ငါးရှဉ့်ချောင်းလေးတွေ ရရင်တော့ ကျက်သွားပြီပဲ ဖြစ်ပါတယ်။ ကျက်သွားတဲ့ ငါးရှဉ့်ကြွပ်ကြွပ်လေးတွေကို ဆီစစ်ပြီး ဆယ်ထားလိုက်ပါမယ်။ ကြက်သွန်ဖြူ ကြက်သွန်နီကို ဆီပူနေတဲ့ ဒယ်အိုးထဲကို ထည့်ကြော်လိုက်ပါမယ်။ နီညိုရောင် ကြွပ်မွနေတဲ့ အနေအထားဆိုရင် ပြန်ဆယ်လိုက်ပါမယ်။ ဒယ်အိုးထဲက ဆီတွေကို ဖယ်လိုက်ပါယ်။ ဆီအနည်းငယ်သာ ချန်ထားပါမယ်။ ပြီးရင်တော့ အသင့်ရှိနေတဲ့ ငြုပ်သီး လေးခြမ်းခွဲလေးကို ထည့်မွှေပါမယ်။ ပျင်းတော်သိမ်းရွက်ကလေးလည်း တစ်ခါတည်း ထည့်မွှေပါမယ်။ အသင့်ကြော်ပြီးသား ဖြစ်တဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီကြော် နဲ့ ငါးရှဉ့်အသားချောင်း ကြော်လေးတွေကို အတူတူ ရောမွှေလိုက်ပါမယ်။ ဟင်းခတ်မှုန့် ၊ ဆားအနည်းငယ် နဲ့ မဆလာ အနည်းငယ် ထည့်မွှေပါမယ်။ ဒါဆိုရင်တော့ ၅ မိနစ်လောက် မွှေပြီးတာနဲ့ အရမ်းကိုမှ စားလို့ကောင်းပြီး စားပြီးရင်း ထပ်စားချင်မယ့် ငါးရှဉ့်ခြောက်စပ်မွှေးမွှေးလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။