ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့်လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။ ရေရှိရာ နေရာ၊ ပေ အနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကိုဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး၏ ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ဖော်ပြလိုက်ရပါတယ်
ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။ ဒုတိယဆင့်တွင် မိမိတူးလိုသည့် မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။ အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင်ထပ်၍တူးမယ့် မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၎င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသောသံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။
နံနက်မိုးလင်းသည်နှင့် ကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။ ရေကြော ရေရှိမယ့် နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင်ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။ ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်လည်းကောင်း၊အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်လည်းကောင်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။ ရေ ရှာ၍ တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည်