အာဟာရလည်း ပြည့်ရမယ် ၊ စားလို့လည်းကောင်းရမယ်။ ဒါဆိုရင်တော့ ပုစွန်ချဉ်ပေါင်ကြော်စပ်စပ်လေးကို တစ်ခါလောက် လုပ်စားကြည့်ကြရအောင်
ဘယ်ချိန်စားစား ခံတွင်းတွေ့စေမယ့် ရွှေမြန်မာတို့ကြိုက်တဲ့ ပုစွန်ချဉ်ပေါင်ကြော်စပ်စပ်လေး ရဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့
၁။ ပုစွန်
၂။ ချဉ်ပေါင်ရွက်
၃။ ခွဲခြမ်းမှုန့် ၊ အစိမ်းမှုန့်
၄။ ငရုတ်သီးစိမ်း ၊ ငပိထောင်း
၅။ မျှစ် ၊ ဟင်းခတ်မှုန့်
၆။ ဆား ၊ကြက်သွန်ဖြူ တို့ပဲ ဖြစ်ပါတယ်။
ပုစွန်ကို ရေစင်အောင် ဆေးထားပါမယ်။ ချဉ်ပေါင်ရွက်ကို အရွက်ခြွေပြီး ရေဆေးထားပါမယ်။ မျှစ်ကို ဆားအနည်းငယ် နဲ့ ရေစိမ်ထားပါမယ်။ ပြီးရင်တော့ ကြက်သွန်ဖြူ အနည်းငယ်ကို တပြားရိုက်ပါမယ်။ ဒယ်အိုးကို မီးဖွင့်ပါမယ်။ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ ထည့်ကြော်လိုက်ပါမယ်။ အသင့်ရှိတဲ့ ခွဲခြမ်းမှုန့် အနည်းငယ် နဲ့ အစိမ်းမှုန့် အနည်းငယ် လိုသလောက် ထည့်ပါမယ်။ ရောမွှေပြီး ဆီသတ်ပြီးသွားပြီဆိုရင်တော့ ပုစွန်ကို ရေစစ်ပြီးထည့်ကြော်ပါမယ်။ ၅ မိနစ်လောက် မွှေပြီးရင် ချဉ်ပေါင်ရွက် နဲ့ မျှစ်တို့ကို ရေစစ်ပြီး ထည့်လိုက်ပါမယ်။ ပုစွန် နဲ့ ချဉ်ပေါင်မျှစ် တို့ကို နှံ့စပ်အောင် ရောမွှေပါမယ်။
ငပိထောင်း အနည်းငယ် ထည့်ပါမယ်။ ငရုတ်သီးစိမ်း ထည့်ပါမယ်။ ဟင်းခတ်မှုန့် နဲ့ ဆား အချိုးကျ ထည့်လိုက်ပါမယ်။ ရေ အနည်းငယ် ထည့်ပါမယ်။ အားလုံး ပြီးသွားရင်တော့ နှံ့အောင် အပေါ်အောက် ပြန်မွှေပေးပြီး ဒယ်အိုးအဖုံး ခဏအုပ်ထားပါမယ်။ ၁၅ မိနစ်လောက် ကြာရင်တော့ အရမ်းကို စားလို့ကောင်းပြီး ခံတွင်းတွေ့စေမယ့် ပုစွန်ချဉ်ပေါင်ရွက်ကြော် စပ်စပ်လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်ကူပြီး အာဟာရပြည့်ဝ ထမင်းမြိန်စေမယ့် ဟင်းလေးမို့ တစ်ခါလောက်တော့ ချက်စားကြည့်ကြပါနော်။