ဆေးလိပ်သောက်ခြင်းဟာ နှုတ်ခမ်းသားညိုမဲရတဲ့အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူအများစုဟာ နှုတ်ခမ်းညိုတတ်တာကြောင့် ဆေးလိပ်သောက်တာကိုရှောင်ဖို့လိုအပ်ပါတယ်။ ဆေးလိပ်သောက်ခြင်းလိုပဲ ကော်ဖီသောက်ခြင်းကလည်း နှုတ်ခမ်းသားကိုညိုမဲစေနိုင်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေဟာ နှုတ်ခမ်းသားကိုညိုစေနိုင်တာကြောင့် လျှော့သောက်ပေးဖို့လိုအပ်ပါတယ်။

နေရောင်ခြည်ကလည်း အသားအရေအတွက်သာမက နှုတ်ခမ်းသားတွေအတွက်ပါ ဆိုးကျိုးတွေဖြစ်စေတာကြောင့် နေရောင်အကြာကြီးမခံရအောင်လုပ်ဖို့လိုအပ်ပါတယ်။ နှုတ်ခမ်းနီတွေကိုလည်း အာမခံရှိတဲ့တံဆိပ်တွေရွေးချယ်ပြီးတော့ သက်တမ်းလွန်တာမျိုးတွေကိုဂရုတစိုက်ရှောင်ကြဥ်တတ်ဖို့လိုအပ်ပါတယ်။ အရောင်ရွေးချယ်ရာမှာလည်း နှုတ်ခမ်းသားကို အလွန်အကျွံညိုမဲသွားစေနိုင်တဲ့ အရောင်ရင့်တွေကို ရှောင်ရှားတတ်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင် နှုတ်ခမ်းနီကို အချိန်အတော်ကြာလိမ်းခြယ်ထားပြီး ပြန်မဖျက်တာမျိုးကလည်း ကောင်းမွန်တဲ့အခြေအနေကိုဖြစ်စေမှာမဟုတ်ပါဘူး။ တစ်လမှာ တစ်ကြိမ်ကနေ သုံးကြိမ်လောက်အထိ ပျားရည်နှင့်သကြားရောပြီး Scrub တိုက်ပေးတာကလည်း နှုတ်ခမ်းသားပြန်အရောင်ထွက်လာစေဖို့အတွက် အကောင်းဆုံးထိန်းသိမ်းနည်းဖြစ်ပါတယ်။ ညအိပ်ရာဝင်ချိန်မှာ အရောင်မပါတဲ့နှုတ်ခမ်းဆီလေးတွေပုံမှန်လိမ်းပေးခြင်းကလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။