ဈေးမှာအလွယ်တကူဝယ်လို့ရပြီး ချက်ရတာမကြာတဲ့ ခရမ်းသီးကိုတော့အိမ်ရှင်မအားလုံးနီးပါးဝယ်ဖြစ်ကြမယ် ထင်ပါတယ်။ ဒါပေမယ့်ပြဿနာက မကြာခဏဝယ်နေတဲ့အတွက်ဘယ်လိုချက်စားရမလဲမသိဖြစ်တတ်တဲ့ ပြဿနာ ပါပဲ။ အဲ့ဒီအတွက်ဒီတစ်ခါတော့ ခရမ်းသီးကြက်ဥချဉ်စပ်ကြော်ချက် ချက်နည်းပြောပြပေးသွားမှာ ဖြစ်ပါတယ်
ပါဝင်ပစ္စည်းတွေကတော့-
ခရမ်းသီး
ကြက်ဥ ကြက်သွန်ဖြူ၊နီဂျင်း၊ ငရုပ်ပွကြက်သွန်မြိတ် တို့ပဲဖြစ်ပါတယ်

ပထမအနေနဲ့ ခရမ်းသီးကို ရေစင်အောင်ဆေးပြီး မိမိနှစ်သက်ရာအတုံးငယ်သော်လည်ကောင်း အချောင်းလိုက် သော်လည်ကောင်းလှီးဖြတ်ထားပါ။ ကြက်သွန်ဖြူ၊နီ၊ဂျင်းတို့ကို အခွံနွာကာနုတ်နုတ်စင်းထား ပြီး ကြက်သွန် မြိတ် ကိုလည်းရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ထားပါ။ ငရုပ်ပွကို အစေ့ထုတ်ပြီး အတုံးငယ်များ တုံးထားပါ

ဓားဖြင့်လှီးထားသောခရမ်းသီးထဲသို့ ကြက်ဥတစ်လုံးဖောက်ထည့်ကာ ဆားအရသာမှုန့်၊ပဲငံပြာရည်၊ ငရုပ်ကောင်း အနည်းငယ်ထည့်ကာ ဆီနည်းနည်းဖြင့် ခရမ်းသီးတို့အနည်းငယ်နွမ်းအောင်ကြော်ပြီးဆယ်ယူထားပါ။ ကြက်သွန် ဖြူ၊ နီဂျင်းတို့ကို ငရုပ်သီးခွဲခြမ်းမှုန့်ဖြင့် ဆီသတ်ကာအနံ့မွှေးလာပါက ငရုပ်ပွကိုထည့်ကာနွမ်းအောင်ကြော်ပါ။ ငရုပ်ပွတို့နွမ်းလာပါက ကိုရီးယားဆော့စ်အချဉ်၊ဆား၊ အရသာမှုန့်၊ပဲငံပြာရည်၊ ငရုပ်ကောင်းတို့ထည့်ကာ မိနစ် အနည်းငယ်မွှေပေးပြီးကြော်ထားသောခရမ်းသီးတို့ကိုထည့်ကာအထက်အောက်မွှေပေးပါ။ မိနစ်အနည်းငယ်ခန့် အထက်အောက်မွှေပြီးပါက အရသာမြည်းကာ ကြက်သွန်မြိတ်ဖြူးပြီးသုံးဆောင်နိုင်ပါပြီ





