ဒီပွဲတော်အကြောင်းကို လူသိနည်းပြီး ရခိုင်တိုင်းရင်းသားများ ကြားမှာလဲ ပျောက်ကွယ်လုနီးပါး ဖြစ်လာတဲ့ ရိုးရာပွဲတော် တစ်ခုပါ။ အဆိုပါ ပန်းရထားဆွဲ ပွဲတော်ကျင်းပဖို့ အတွက် လပေါင်းများစွာ အချိန်ယူပြင်ဆင်ရပြီး ငွေကုန်ကြေးကျလဲ များတာကြောင့် မြို့တိုင်းမှာ ကျင်းပဖို့အတွက် ခက်ခဲတာကြောင့်ဖြစ်ပါတယ်။

ပန်းရထားဆွဲပွဲ ဖြစ်ပေါ်လာရတဲ့ သမိုင်းကြောင်းကို ပြန်လှန်ရရင်တော့ ဘာသာရေးနဲ့ ပိုသက်ဆိုင်တယ်လို့ ဆိုရမှာပါ။ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားရဲ့ မိခင် မယ်တော်မာယာက ဘုရားလောင်းကို ဖွားမြင်ပြီး ခုနှစ်ရက်မြောက်မှာ ကွယ်လွန်ခဲ့ပါတယ်။ မယ်တော်မာယာရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ ကပိလဝတ်နဲ့ ဒေဝဒဟ နှစ်ပြည်ထောင်ကြား အပြိုင်အဆိုင် အငြင်းပွားဖွယ် ဖြစ်ခဲ့ကြပါတယ်။ နှစ်ပြည်ထောင်အတွက် လွန်စွာအရေးကြီးသူဖြစ်တဲ့ အတွက် အဆိုပါတာဝန်ကို ရရှိရေးအတွက် ပန်းရထားပေါ် မယ်တော်ရုပ်ကလာပ်ကို တင်ကာ လွန်ဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

၎င်းသမိုင်းကြောင်းကို အခြေခံပြီး တိုင်းပြည် ရတနာလို့ တင်စားခံရသူ ကွယ်လွန်တဲ့ အခါမှာ ပန်းရထားဆွဲပွဲကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ခေတ်ကာလများ ပြောင်းလာပြီးနောက် ပန်းရထားဆွဲပွဲကို တပို့တွဲလရောက်တိုင်း ရိုးရာတစ်ခုအဖြစ် ဆက်လက်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ပန်းရထားဆွဲပွဲတော်ကို ပြန်လည်ဖော်ထုတ် ကျင်းပဖို့အတွက် 2009 ခုနှစ်မှာ သဘာပတိ (9) ဉီး နှင့် မြို့ပေါ်မှ စေတနာရှင်များ ပါဝင်တဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့ကြပြီး ပန်းရထားဆွဲပွဲတော်ကို ပြန်လည်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
