လူတော်တော်များများကတော့ ငါးသလောက်ပေါင်းတတ်ကြပါတယ်။ ဒါပေမယ့် အချို့ အိမ်ရှင်တွေအတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ ငါးသလောက်ပေါင်းနည်းဟာ တစ်ယောက်နှင့်တစ်ယောက် အချိန်အဆနှင့် အယူအဆတွေကွဲလွဲကြတာတွေ့ရပါတယ်။ ဒီတစ်ခါမှာ မင်မင်က လွယ်ကူသက်သာတဲ့ ငါးသလောက် ပေါင်းနည်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ…
(၁) ငါးသလောက်
(၂) စပါးလင် ၊ ဂျင်း
(၃) ကြက်သွန်နီ/ဖြူ (အနှစ်များချင်ရင် ကြက်သွန်နီများများသုံးပါ)
(၄) ရှာလကာရည် (တချို့က ရှောက်သီး (သို့) lemon ကိုသုံးပါတယ်)
(၅) ငါးပြာရည်

လုပ်နည်းအဆင့်ဆင့်
အရင်ဆုံး ငါးသလောက်ကို ကိုင်ပြီး အနေတော်လေးတွေ တုံးပါ။ ပြီးလျှင် ရှာလကာရည် (သို့) ရှောက်သီး (သို့) lemon ညှစ်ထည့်၊ နနွင်းမှုန့် ၊ ငါးပြာရည် ၊ ဆား ၊အချိုမှုန့် တို့ထည့်ပြီး ငါးနှင့်ရောနယ်ပါ။ နယ်ပြီးသွားရင်တော့ အနည်းဆုံး ၄ - ၅ နာရီလောက် နှပ်ထားရပါမယ်။ ဒါမှ အချဉ်အရသာဟာ အသားထဲဝင်ပြီး စားလိုက်ရင် သိပ်မအီတော့မှာဖြစ်သလို အရိုးတွေလည်း နူးအိသွားမှာ ဖြစ်ပါတယ်။

ပြီးလျှင် ဂျင်း၊ စပါးလင် နှင့် ကြက်သွန်ဖြူတို့ကို ထောင်းထားပါ။ အားလုံးပြီးပြီဆိုရင်တော့ စပေါင်းလို့ရပါပြီ။ ကဲ… စပေါင်းတော့မယ်ဆိုရင် ကိုယ်ပေါင်းမည့် အိုးအောက်ခြေမှာ ငါးမကပ်အောင် စပါးလင် ခင်းထားပြီး ငါးထည့်ပါ။ ပြီးလျှင် အသင့် ထောင်းထားတဲ့ ဂျင်း ၊စပါးလင် နှင့် ကြက်သွန်ဖြူ တို့ကို ထည့် ၊ ဆီထည့်ပြီး ပေါင်းပါ။ ကြက်သွန်နီကတော့ ပေါင်းပြီး မိနစ် ၃၀ လောက်ကြာမှ ထည့်ရပါမယ်။

ပြီးလျှင် နောက်ထပ် မိနစ် ၃၀ ထပ်ပေါင်း လိုက်ပါ ။ ကြက်သွန်နီ ဥလေးတွေ ပုံမပျက်ဘဲအိလာပြီ၊ အရိုးလည်း နူးလာပြီဆိုရင်တော့ တကယ့်ကို အရသာရှိတဲ့ ငါးသလောက်ပေါင်းကို သုံးဆောင်လို့ရပါပြီ။
သတင်း အရင်းအမြစ်៖ Source- Zin Gyi