ဒီဘက်ခေတ်က လူငယ်တော်တော်များများကို မြန်မာ့ တူရိယာ ဘယ်နှမျိုးလောက်ရှိသလဲလို့ မေးရင် အတိအကျ ဖြေနိုင်တဲ့ သူတွေက အလွန်ရှားသွားပါပြီ။ ဒါကလည်း ခေတ်နှင့်အညီ ပြောင်းလဲလာတဲ့ လူနေမှုစနစ်နှင့် နေထိုင်ရာ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လို့ပဲ ပြောရမှာပဲ။ လူငယ်တစ်ယောက်က မေးဖူးတယ်..။ မြန်မာ့ တူရိယာမှာ ဘယ်နှမျိုးရှိလဲ ၊ အဲ့တာတွေကရော ဘာတွေလဲဆိုပြီး မေးပါတယ်။

ဒီတော့ ဖတ်ဖူးတဲ့ မုံရွေးဆရာတော်ရဲ့ မှတ်စုအရ ကိုယ်ဖတ်ဖူးသိသလောက် ပြန်ဖြေပေးလိုက်ပါတယ်။ မြန်မာ့ တူရိယာဟာ သက္ကရာဇ်(၉၀၀)ကျော်ခန့်က အစပြုခဲ့တာပါ။ မြန်မာ့ တူရိယာမှာ ၅ မျိုးရှိပါတယ်။

အဲ့ဒီ တူရိယာတွေက - ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်" ဆိုပြီး တူရိယာ ၅ မျိုးပေါ်ပေါက်လာခဲ့ပါတယ်။ မြန်မာ့ တူရိယာ (၅) ပါးကို အတီးတူရိယာအုပ်စု နှင့် အမှုတ်တူရိယာအုပ်စုဆိုပြီး ခွဲခြားထားပါသေးတယ်။
အတီးတူရိယာ အုပ်စုထဲမှာတော့ လက်ဖြင့်တီးရတဲ့ တူရိယာ၊ လက်ခတ်ဖြင့် ရိုက်ခတ်တီးရတဲ့ တူရိယာဆိုပြီး (၂) မျိုးရှိပါတယ်။
မြန်မာ့တူရိယာ (၅) ပါး
(၁) ကြေး - ကြေးမှာဆိုရင် ကြေးနင်း၊ကြေးသည်၊ကြေးပတ်၊ကြေးအိုးသည်၊နရည်းစရာ၊
ဆည်းလည်း၊ မောင်း၊ ခေါင်းလောင်း ၊ ခွက်ခွင်း၊ လင်းကွင်း၊ စည်းစုပ်၊ ကြေးပတ္တလား...

(၂) ကြိုး- စောင်း ၊ ဘင်ဂျို ၊ ဂီတာ ၊ ဒုံမင်း ၊ မယ်ဒိုလင် ၊ ကြိုး နှင့် တယော....

(၃) သားရေ - မြောက်စည် ၊ စည်ဗြော ၊ သံလွင် ၊ စည်ကြီး ၊ စည်ဝန်း၊ စည်သေး၊ စည်ပုတ် ၊ စည်ပန်းတောင်း၊ ပတ်သာ ၊ တစ်ဖက်ပိတ်စည် ၊ စည်အိုင်၊ ဗုံ ၊ ဗုံတောင် ၊ ပတ်လုံး၊ ဗုံရှည်၊ အိုးစည်၊ ဒိုးပတ်၊ဖားစည် ၊ ပတ်မကြီး....

(၄) လေ- နှဲ၊ ပုလွေ၊ ချည်ချောင်း ၊ ငြင်း၊ တံပိုး၊ ခရာ၊ တံရှည်၊ သံကောက်၊ တံမြွာ၊ တုလောင်၊ ကျွဲနွားချိုအမျိုးမျိုး၊ ဝါးလျှာခတ်...

(၅) လက်ခုပ် - ဝါးလက်ခုပ်၊ စည်း၊ လက်ခုပ် တို့ ဖြစ်တယ်လို့ သိသလောက် ပြောပြခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - မုံရွေးဆရာတော်ရဲ့ မှတ်စု