ဒီတစ်ခါမှာ ပင်စိမ်းနံ့ သင်းသင်းလေးနဲ့ လူကြီးလူငယ်မရွေး ခံတွင်းလိုက်စေတဲ့ ကြက်ပင်စိမ်းချက်နည်းလေးကို ပြောပြပေးမှာပါ။
ထုံစံအတိုင်း ပါဝင်တဲ့ပစ္စည်းတွေကတော့ အဓိကလိုအပ်တဲ့ ကြက်သား ၊ ဂျင်း(ချင်း)၊ ကြက်သွန်(ဖြူ/နီး) ၊ နနွင်း ၊အချို/အငန် နှင့် ပင်စိမ်း စတာတွေလိုအပ်ပါတယ် ။ ကိုယ်က အစပ်ကြိုက်ရင်တော့ မိမိကြိုက်နှစ်သက်တဲ့ ငရုပ်သီး အစိမ်း/အခြောက် (သို့) အရောင်တင်မှုန့်ကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။

ပထမဦးဆုံးဘာတွေလုပ်ရမလဲဆိုရင် ကြက်သားကို မိမိကြိုက်သလို အတော်အသင့်တုံးပြီး ရေစင်းအောင်ဆေးကြောပါ။ ပြီးတာနဲ့ နနွင်း ၊ အချို/အငန် (သို့) ကြက်သားမှုန့် ထည့်ပြီး ရောနယ်ကာ နှပ်ထားပေးရပါမယ်။ ဒီလိုနှပ်ထားပေးမှ အချို/အငန်တွေအားလုံးက ကြက်သားထဲကို စိမ့်ဝင်သွားပြီး အရသာပိုရှိစေမှာ ဖြစ်ပါတယ်။

ပြီးရင် ဂျင်း(ချင်း)၊ ကြက်သွန်(ဖြူ/နီး) ကိုထောင်းထားပါ။ ပင်စိမ်းကိုတော့ အရွက်တွေကိုသေချာဆိတ်ပြီး ရေဆေးထားပေပါ။ အဲ့တာတွေ အားလုံးလုပ်ပြီးပြီဆိုတာနဲ့ ကြက်ပင်စိမ်းကို စတင်ချက်လို့ရပါပြီ။
(၁) ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး စောစောကထောင်းထားတဲ့ ဂျင်း(ချင်း)၊ ကြက်သွန်(ဖြူ/နီး) နှင့် ငရုပ်သီးကို ဆီသတ်ပါ။ နနွင်းမှုန့်ကတော့ ကြက်သားနယ်ကတည်းက ထည့်ပြီးသားဆိုတော့ နောက်ထပ်ထည့်စရာ မလိုတော့ပါဘူး။

(၂) ဆီသတ်ပြီးပြီဆိုတာနဲ့ နှပ်ထားတဲ့ ကြက်သားကို ထည့်၊ အနည်းငယ်မွေပေးပြီး လုံးရေထည့်ပါ။ ပင်စိမ်းကတော့ လုံးရေခမ်းပြီး ဆီကျန်ရေကျန်ဖြစ်ရင် ထည့်လို့ရပါပြီ။ ကြက်သားလေးလည်း အနည်းငယ်ခြောက်ပြီး အရောင်ပြောင်းလာရင် အရသာရှိတဲ့ ကြက်ပင်စိမ်းကို စားလို့ရပါပြီ။ ကဲ…ပြောနေတာကြာပါတယ် အခုပဲ ချက်စားကြည့်လိုက်တော့…။
သတင်း အရင်းအမြစ်៖ Source- Zin Gyi