Apple အနေနဲ့ ၂၀၁၄ မှာထုတ်ခဲ့တဲ့ Apple Watch ကို စတင်မိတ်ဆက်ခဲ့တာကလွဲရင် Apple ဖုန်းတွေကိုသာ Version တစ်မျိုးပြီးတစ်မျိုးပြောင်းလဲထုတ်လုပ်နေတာဟာ နှစ်တွေတော်တော်ကြာခဲ့ပါပြီ။ ဒီနှစ်မှာတော့ Apple က သူတို့ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ Vision Pro ကိုစတင်မိတ်ဆက်ခဲ့ပါပြီ။

အဆိုပါ Vision Pro ကို Appleရဲ့ CEO ဖြစ်သူ Tim Cook က ဂျွန်လ ၅ ရက်နေ့မှာ အများပြည်သူရှေ့ကို ချပြခဲ့ပါတယ်။ ဒါ့အပြင် Vision Pro ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ပြည့်စုံစွာ ရှင်းပြသွားပါသေးတယ်။

Vision Pro ကို မျက်လုံး၊ အသံ နဲ့ လက်တို့ကို အသုံးပြုရုံဖြင့် Control လုပ်နိုင်မှာဖြစ်ပြီး သင်နေ့စဉ်အသုံးပြုနေကြ Apps တွေကို 3D Version နဲ့ အပြင်လောကမှာ အမှန်တကယ် မြင်တွေ့ရသလို ခံစားရမှာဖြစ်ပါတယ်။ ဖုန်းနဲ့ အသုံးပြုလို့ရတဲ့ အရာတွေအားလုံးကို ဒီ Vision Pro နဲ့လုပ်ဆောင်နိုင်မှာဖြစ်ပြီး Social Media တွေကို အသုံးပြုနိုင်သလို Video Call များ Zoom Meeting များကိုလည်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ရုပ်ရှင်၊ ဗီဒီယိုများကြည့်ပါကလည်း တကယ်ကိုအပြင်မှာ ရောက်သွားသလို အသံတွေ အထိအတွေ့တွေနဲ့ ကိုယ်တိုင် ရုပ်ရှင်တွေထဲမှာ ပါဝင်ရသလို ခံစားနိုင်မှာဖြစ်ပါတယ်။ Vision Proကို တပ်ဆင်ထားစဉ် အပြင်ဘက်မှ အခြားသူတစ်ယောက်နှင့်လည်း ထိတွေ့ဆက်ဆံနိုင်ဦးမှာဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကိုလည်း ကြည်လင်စွာမြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံတွေဗီဒီယိုတွေကိုလည်း နေရာတိုင်းမှာ လိုသလို စိတ်ကြိုက် ဆိုဒ်အမျိုးမျိုးပြောင်းပြီး အသုံးပြုနိုင်ပါသေးတယ်။

အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားတဲ့ အဆိုပါ Vision Pro ဟာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ $3,499 အထိကုန်ကျမှာဖြစ်ပြီး မြန်မာငွေဖြင့် တွက်ပါက သိန်း ၈၀ ကနေ သိန်း ၁၀၀ နီးပါးကုန်ကျမှာပဲဖြစ်ပါတယ်။
