ဘရားဇီးလ်နဲ့ PSG တိုက်စစ်မှူး နေမာဟာ အသင်းကနေထွက်ခွာတော့မယ့် ကလပ်အသင်းဖော် မက်ဆီအတွက် ကြည်နူးစရာ နှုတ်ဆက်စာလေးရေးပေးခဲ့ပါတယ်။နေမာဟာ Instagram အကောင့်ကနေ မက်ဆီနဲ့ ရိုက်ထားတဲ့ ပုံလေးတွေနဲ့ အတူတင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကို ဝမ်းနည်းတဲ့ခံစားချက်ရရှိစေခဲ့ပါတယ်။

မက်ဆီဟာ အခုနှစ်အကုန်မှာ PSG အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး ပြင်သစ်ကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။ဒါ့ကြောင့် သူနဲ့ ဘာစီလိုနာအသင်းမှာကတည်းက လက်တွဲခဲ့ဖူးတဲ့ အသင်းဖော်နေမာက အခုလို နှုတ်ဆက်စာလေးရေးပေးခဲ့တာ ဖြစ်ပါတယ်။နေမာက `` ငါတို့ထင်ထားသလို ဖြစ်မလာခဲ့ပေမယ့် မင်းနဲ့နှစ်နှစ်လောက် ထပ်ရှိခဲ့ရတာ တကယ်ဝမ်းသာပါတယ်၊ နောက်တစ်ဆင့်မှာ အဆင်ပြေပါစေ ငါမင်းကို ချစ်တယ် ‘’ ဆိုတဲ့ စာလေးနဲ့မျှဝေခဲ့တာ ဖြစ်ပြီး ဘောလုံးချစ်တဲ့ ပရိသတ်တိုင်းရဲ့ နှလုံးသားကို ထိမိစေခဲ့ပါတယ်။

မက်ဆီနဲ့နေမာဟာ (၂၀၁၃) ကနေ (၂၀၁၇) အထိ ဘာစီလိုနာအသင်းမှာ လိုက်ဖက်ညီစွာ တွဲဖက်ကစားခဲ့ဖူးပြီး ညီအကိုလို ခင်မင်တဲ့ ဆက်ဆံရေးရှိတဲ့ သူနှစ်ယောက်လည်း ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ (၂၀၂၁) မှာ ပြန်လည်ဆုံတွေ့ခဲ့ပြီး PSG နဲ့အတူ ပြင်သစ်လိဂ်ဖလားကို ပြန်လည်ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို မရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

အခုအချိန်မှာတော့ မက်ဆီဟာ အသင်းကထွက်ခွာတော့မှာ ဖြစ်ပြီး နေမာရဲ့ အနာဂတ်ကလည်း မသေမချာပဲ ဖြစ်နေပါတယ်။မက်ဆီကို အသင်းဟောင်းဘာစီလိုနာနဲ့ ဆော်ဒီကလပ်တို့က ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပြီး မက်ဆီအနေနဲ့တော့ သူ့အနာဂတ်ကို ဘယ်လို ဆုံးဖြတ်ချက်ချမလဲ အတိအကျပြောကြားထားခြင်းမရှိသေးတာပဲ ဖြစ်ပါတယ်။

Photos : Credit