အဖြူရောင်အဝတ်အစားတွေကို လူတိုင်းကနှစ်သက်ကြပြီး အဖြူရောင်တွေဟာ လူတိုင်းနဲ့လိုက်ဖက်တဲ့အရောင်ပါ။ ဒါပေမယ့် အဖြူရောင်အဝတ်တွေကို နှစ်ကြိမ်၊ သုံးကြိမ်လျှော်ပြီးတဲ့အခါ မူလအရောင်နဲ့မတူတော့ဘဲ အရောင်ညစ်နွမ်းတတ်ပါတယ်။ ဒီအချက်ကြောင့်ပဲ အဖြူရောင်ကိုနှစ်သက်ပေမယ့် အခြားအရောင်တွေကို ရွေးချယ်ဝတ်ဆင်ကြရပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် အဖြူရောင်တွေကို အရောင်မနွမ်းသွားဘဲ ကြာကြာဝတ်နိုင်အောင်လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

မုန့်ဖုတ်ဆိုဒါ
အဖြူရောင်အဝတ်အစားတွေကို ထိန်းသိမ်းဖို့ အကောင်းဆုံးထုတ်ကုန်ကတော့ မုန့်ဖုတ်ဆိုဒါပါ။ ဆိုဒါတစ်ခွက်ကို ရေလေးလီတာနဲ့ရောပြီး အဝတ်အစားတွေကို ခဏလောက်စိမ်ထားပါ။ ပြီးနောက် အဝတ်အစားတွေကို သေချာလျှော်ဖွတ်လိုက်ရင် အသစ်အတိုင်းတောက်ပပြောင်လက်နေမှာ ဖြစ်ပါတယ်။

Aspirin (အကိုက်အခဲပျောက်ဆေး အက်စ်ပီရင်)
အကိုက်အခဲပျောက်ဆေးကို သုံးရတဲ့အတွက် ဒီနည်းလမ်းက အနည်းငယ်ထူးဆန်းနေပေမယ့် တကယ်အလုပ်ဖြစ်တဲ့နည်းလမ်း တစ်ခုပါ။ Aspirin ခြောက်လုံးကို ရေနွေးနဲ့ရောပြီး အဝတ်အစားတွေကို နာရီဝက်ခန့် စိမ်လိုက်ပါ။ ပြီးနောက် ပုံမှန်အဝတ်လျှော်စက်ထဲ ထည့်လျှော်လို့ရသလို လက်နဲ့လည်းသေချာလျှော်ဖွတ်လို့ ရပါတယ်။

သံပုရာရည်နှင့် ရှာလကာရည်
ဒီနည်းလမ်းက အဖြူရောင်အဝတ်အစားတွေကို တောက်ပြောင်စေရုံသာမက အစွန်းအထင်းတွေကိုလည်း ဖယ်ရှားပေးပါတယ်။ သံပုရာရည်နှင့် ရှာလကာရည်ကို ရေနဲ့ရောစပ်ပြီးလျှော်လိုက်တဲ့အခါ အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး အနံ့အသက်တွေကိုလည်း အထူးကောင်းမွန်စေပါတယ်။ အားကစားအဝတ်အစားတွေကို လျှော်ဖွတ်ဖို့အတွက် ဒီနည်းလမ်းက အကောင်းဆုံးဖြစ်ပါတယ်။