ဆက်ဆံရေးအများစုဟာ တစ်ခါပျက်စီးသွားရင်ပြန်တည်ဆောက်ဖို့ခက်ခဲတတ်သလို လုံးဝအဖတ်ဆယ်မရအောင်ပျက်စီးသွားတာတွေလည်းရှိပါတယ်။ အိမ်ထောင်တစ်ခုရဲ့ဆက်ဆံရေးနှင့် သမီးရည်းစားဆက်ဆံရေးတွေကိုလေ့လာခဲ့တဲ့ စာတမ်းတစ်ခုအရ ဆက်ဆံရေးတွေကိုအဆုံးသတ်ရခြင်းမှာ အဓိကကျတဲ့အကြောင်းရင်းငါးချက်ပဲရှိပါတယ်။
(၁) ဆိုးဝါးတဲ့အပြုအမူ

အများစုကဖောက်ပြန်တာကိုအဓိကအကြောင်းရင်းဖြစ်မယ်လို့ထင်တတ်ကြပေမဲ့ မဟုတ်ပါဘူး။ နေ့တိုင်းလုပ်နေကျဖြစ်တဲ့ ဆိုးဝါးတဲ့အပြုအမူတွေဟာလမ်းခွဲခြင်းတွေရဲ့အဓိကတရားခံဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေဟာ များသောအားဖြင့်အကျင့်တစ်ခုလိုစွဲလန်းနေတဲ့အရာတွေဖြစ်ပြီး မထင်မှတ်ထားဘဲလုပ်တတ်တဲ့အပြုအမူတွေဖြစ်ပါတယ်။
(၂) ဖောက်ပြန်ခြင်း

ဒါကတော့ ဘယ်ဆက်ဆံရေးမှာမဆိုအဆိုးဝါးဆုံးဖြစ်တဲ့အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဆက်ဆံရေးကိုပျက်စီးသွားစေတဲ့အပြင် ယုံကြည်မှုနှင့်ခံယူချက်တွေ အကုန်လုံးကိုပြောင်းပြန်လှန်လိုက်နိုင်ပါတယ်။ အခန့်မသင့်ရင် တစ်ဖက်လူကို ယုံကြည်မှုနှင့်ပတ်သက်တဲ့စိတ်ဒဏ်ရာအထိပါရစေနိုင်တဲ့ကိစ္စဖြစ်ပါတယ်။
(၃) ဒေါသပုံချခြင်း

တစ်ခြားလူနှင့်ဖြစ်လာတဲ့ ဒေါသတွေကို ကိုယ့်ပါတနာအပေါ် ပုံချတတ်ခြင်းကလည်း ဆက်ဆံရေးကိုပျက်စီးစေတတ်တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ ကိုယ်နှင့်မသက်ဆိုင်တဲ့ကိစ္စတွေကို ကိုယ့်အပေါ် ပုံချပြီးအပြစ်တင်တာကိုသည်းခံနိုင်မဲ့သူမရှိပါဘူး။
(၄) လိမ်လည်ခြင်း

ဆက်ဆံရေးတိုင်းမှာ ယုံကြည်မှုကအရေးကြီးတာကြောင့် တစ်ခုခုကိုလိမ်မိပြီဆိုတာနှင့်နောက်ဆက်တွဲလိမ်ရမဲ့ကိစ္စတွေအများကြီးရှိလာနိုင်ပါတယ်။ ဒါကြောင့် လိမ်လည်မှုဟာဘာမှမဟုတ်တဲ့ပြဿနာအသေးစားလိုဖြစ်နေပေမဲ့ ဆက်ဆံရေးပြတ်စဲရတာတွေရဲ့အဓိကအကြောင်းရင်းဖြစ်နေတာဖြစ်ပါတယ်။
(၅) Toxic ဖြစ်တဲ့ပတ်ဝန်းကျင်

ဆက်ဆံရေးမှာ အဓိကကျတဲ့ပတ်ဝန်းကျင်မတူညီတာ ဒါမှမဟုတ် တစ်ဖက်လူကိုသဘောမကျတဲ့ပတ်ဝန်းကျင်ဟာလည်း လမ်းခွဲရခြင်းတွေရဲ့အဓိကအကြောင်းရင်းပါပဲ။ Toxic ဖြစ်တဲ့သူငယ်ချင်းနှင့်မိသားစုတွေရဲ့သွေးထိုးမှုနှင့်ချောက်ချမှုတွေကလည်းပဲ လူနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအများကြီးသက်ရောက်စေပါတယ်။