သွားနဲ့ ခံတွင်းဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ..
ခံတွင်းအနံ့ဆိုးခြင်းဆိုတာ ဘယ်သူမှ မကြိုက်ပေမဲ့ လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန် ကြုံဖူးတဲ့ ကိစ္စလေးတစ်ခုပါ။ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် သွားနဲ့ သွားဖုံးတွေမှာ ကပ်ကျန်နေခဲ့တဲ့ အစာတွေကြောင့်ပါ။ အစာကနေ ဘက်တီးရီးယားတွေ ပေါက်ပွားပြီး အနံ့ဆိုးထွက်စေတဲ့ ဆာလဖာဓာတ်တွေ ထွက်လာတာပါ။
ခံတွင်းနံ့လိုပဲ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုက သွားဝါတာပါ။ ရုပ်ရှင်ထဲက မင်းသားမင်းသမီးတွေလို ဖြူဖွေး မနေရင်တောင် ကျန်းမာသန့်ရှင်းတဲ့ အနေအထားလေးတစ်ခုတော့ ရှိသင့်ပါတယ်။ သွားဝါရခြင်း အကြောင်းရင်းတွေကတော့ ကော်ဖီ၊ လက်ဖက်ရည် အသောက်များခြင်း၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးခြင်း၊ တချိုဆေးတွေနဲ့ ဖလိုရိုက် အများကြီး ပါဝင်တဲ့ သွားတိုက်ဆေးတွေရယ်၊ တချိုမှာတော့ မျိုးရိုးအရကို သွားဝါတာမျိုး ဖြစ်တတ်ပါတယ်။
ဒီလို ခံတွင်းအနံ့ဆိုးတာနဲ့ သွားတွေ ဝါကျင်နေတာ ကို ဖြေရှင်းရတာက ထင်သလောက် မခက်ခဲပါဘူး။ အခုပြောပြမယ့် နည်းလမ်းလေး ၇ ခုကို ကျွမ်းကျင်တဲ့ သွားဆရာဝန်တွေ ကိုယ်တိုင် ပြောပြထားတာမို့ အိမ်မှာ စိတ်ချလက်ချ လိုက်လုပ်ကြည့်နိုင်ပါပြီ။
1. သွားပုံမှန်တိုက်ပါ၊

သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်လေး တိုက်ရပါမယ်။ တစ်ခါတိုက်ရင် အနည်းဆုံး ၂ မိနစ်တိုက်ပေးရပါမယ်။ သွားတိုက်ရုံနဲ့တင် သွားကြားထဲက အစာလေးတွေ မပြောင်နိုင်တာမို့ သွားကြားထိုးတဲ့ ကြိုးလေးတွေ (dental floss) သုံးပြီးတော့ပါ သန့်ရှင်းရေး လုပ်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။
2. ဆီနဲ့ ပလုတ်ကျင်းပေးပါ။

ဒီနည်းလမ်းလေးက အိန္ဒိယမှာ ဟိုးရှေးရှေးတည်းက သုံးလာတဲ့ ရိုးရာနည်းဖြစ်ပါတယ်။ အုန်းဆီ သို့မဟုတ် နှမ်းဆီလေးကို လက်ဖက်စားဇွန်း ၁ဇွန်းစာလောက် ပါးစပ်ထဲမှာ ငုံထားရပါမယ်။ ၁၀ မိနစ်နေရင် ထွေးထုတ်လိုက်လို့ ရပါပြီ။
3. ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ များများစားပါ။

ခံတွင်းထဲမှာ ခြောက်သွေ့နေရင် ဘက်တီးရီးယားပေါက်ဖို့ ပိုလွယ်လို့ အနံ့ဆိုးထွက်စေပါတယ်။ ဒါကို ကာကွယ်ဖို့ အတွက် ရေများများသောက်ပြီး ရေဓာတ်ပါဝင်မှု များတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံလေးတွေ စားပေးလို့ ရပါတယ်။ ဒါတင်မက ပန်းဂေါ်ဖီစိမ်း၊ ဥနီနဲ့ ပန်းသီးစားရင် သွားဝါတာကိုပါ သက်သာစေပါတယ်တဲ့။
4. ဗိုက်တာမင် စီ ပြည့်ဝစွာ စားပေးပါ။

ဗိုက်တာမင် စီ ချို့တဲ့ရင် ခံတွင်း ကျန်းမာရေး မကောင်းပါဘူး။ ရေစီးကမ်းပြိုလိုက်ပြီး ခံတွင်းနံ့ ဆိုးစေပါတယ်။ တစ်နေ့ကို ဆီးဖြူသီး ဒါမှမဟုတ် သံပရာသီး တစ်ခြမ်းစီ စားပေးရုံနဲ့ ဗိုက်တာမင်စီဓာတ် ပြည့်ဝနေစေပါတယ်။
5. ဆေးလိပ်ဖြတ်ကြည့်ပါ။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးက အဆုတ်နဲ့ နှလုံးကို ထိခိုက်နိုင်သလို သွားနဲ့ ခံတွင်းကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ကိုယ်ခံအားနည်းပြီး ချူချာတတ်ပါတယ်။ ခံတွင်းနံ့လည်း ဆိုးစေပါသေးတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့လူဆိုရင် ဖြတ်ကြည့်သင့်ပါတယ်။
ဒီနည်းလမ်းလေးတွေ လိုက်လုပ်ကြည့်ပြီး ကျန်းကျန်းမာမာနဲ့ လွတ်လပ်စွာ ရယ်မောနိုင်ကြပါစေ။





