လက်ရှိအချိန်ကမ္ဘာ့နေရာအနှံ့အပြားမှာပလတ်စတစ်ကို သဘာဝတရားရဲ့ရန်သူတော်အဖြစ်သတ်မှတ်ပြီး ပလတ်စတစ်ကင်းဝေးရေးလှုပ်ရှားမှုတွေလုပ်ဆောင်ကြပါတယ်။ အကြောင်းကတော့ ပလတ်စတစ်တွေဟာလွယ်လွယ်မဆွေးမြည့်ကြတဲ့အပြင် သူတို့ရောက်ရှိတဲ့နေရာဒေသကိုပါညစ်ပတ်စေတာကြောင့်ဖြစ်ပါတယ်။

ဒီပလတ်စတစ်ကို Alexander Parkes ဆိုတဲ့သူက ၁၈၆၂မှာပထမဆုံးအစပြုခဲ့တာဖြစ်ပါတယ်။ သူဟာသဘာဝကရတဲ့ ဆဲလ်တွေကိုသုံးပြီးဖန်တီးခဲ့တဲ့ပလတ်စတစ်ကို လန်ဒန်ကပြပွဲတစ်ခုမှာပြသခဲ့ပါတယ်။အဲ့ဒီပလတ်စတစ်ဟာ အရာဝတ္တုတွေကိုအပူပေးနိုင်တဲ့အပြင် အအေးခံလိုက်ရင်ပုံစံမပျက်သွားအောင်ပါထိန်းပေးနိုင်ပါတယ်။ ၁၈၆၈ မှာထပ်မံအဆင့်မြင့်တဲ့ပလတ်စတစ်ကိုတီထွင်ခဲ့ပေမဲ့ ကုန်ကြမ်းအလွယ်တကူမရရှိတာကြောင့်အသုံးမတွင်ကျယ်ခဲ့ပါဘူး။

၁၉၀၇ မှာတော့ Leo Hendrik Baekeland ကပထမဆုံးအလွယ်တကူအသုံးပြုနိုင်တဲ့ပလတ်စတစ်ကိုတီထွင်လိုက်ပါတယ်။ ဒီတီထွင်မှုဟာဆေးဖက်ဆိုင်ရာနှင့်အဝတ်အထည်လူသုံးကုန်ထုတ်တဲ့စက်ရုံတွေအတွက် အကြီးမားဆုံးအကျိူးကျေးဇူးရရှိစေခဲ့ပါတယ်။ အရင်ကသစ်သား၊ဖန်ထည် နှင့်ရွှ့စေးတွေကိုခက်ခက်ခဲခဲရှာဖွေပြီးအသုံးပြုရမဲ့အစား အလွယ်တကူသုံးနိုင်တဲ့ပလတ်စတစ်ဟာ ကမ္ဘာတစ်ဝှမ်းလုံးကိုမြန်မြန်ပျံ့နှံ့သွားပါတယ်။

အခုချိန်ကမ္ဘာကြီးနှင့်လူသားတွေရဲ့နေ့စဥ်ဘဝမှာ ပလတ်စတစ်တွေနှင့်ပြုလုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းတွေက နေရာယူလွှမ်းမိုးနေပါတယ်။ တကယ်လို့ပလတ်စတစ်မရှိခဲ့ရင် အဆင်မပြေမှုတွေအမျိူးမျိူးကြုံတွေ့လာနိုင်တဲ့အထိ ပလတ်စတစ်ဟာလူသားတွေရဲ့နေ့စဥ်ဘဝမှာပါဝင်နေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးပလတ်စတစ်ကိုပြန်လည်သုံးစွဲတာ ထိန်းချူပ်တာတွေလုပ်ပြီး ပလတ်စတစ်ကမ္ဘာကြီးမဖြစ်အောင်ကာကွယ်ရပါမယ်။
