မြန်မာ့သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ မင်းတုန်းမင်းဟာ ကုန်းဘောင်မင်းဆက်ရဲ့ ဒုတိယ နောက်ဆုံးဘုရင်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဝိတိုရိယဘုရင်မကြီး နှင့် နန်းပြိုင်ဖြစ်ခဲ့ပါတယ်။ မန္တလေး ရတနာပုံ နေပြည်တော်ကြီးကို တည်ထောင်တော်မူတာကြောင့် မန္တလေး ရတနာပုံ မြို့တည် နန်းတည်မင်းဟူ၍လည်းကောင်း၊ ပဉ္စမသင်္ဂါယနာ တင်တော်မူသည်ကိုစွဲပြီး ပဉ္စမသင်္ဂါယနာတင် မင်းဟူ၍လည်းကောင်း၊ စော်ဘွားများကဆက်သသော ဆင်ဖြူတော်များကို ခံယူရသဖြင့် ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရား ဟူ၍လည်းကောင်း၊ ငယ်စဉ်က မင်းတုန်းမြို့ကို စားရတာကြောင့် မင်းတုန်းမင်းလိုလည်း ထင်ရှားခဲ့ပါတယ်။

မင်းတုန်းမင်းရဲ့ ငယ်မည်မှာတော့ မောင်လွင်ဖြစ်ပြီး အမရပူရ ဒုတိယမြို့တည်၊ နန်းတည် သာယာဝတီမင်းနှင့် တောင်ဆောင်တော် ကျောက်မော်မြို့စား မိဖုရားသီရိသုစန္ဒာ မလ္လာမဟေ တို့မှ ဖွားမြင်တဲ့ သားတော် ၂ ပါးအနက် သားတော်ကြီးဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၁၇၆-ခုနှစ် ဝါဆိုလပြည့်ကျော် (၄)ရက်၊ အင်္ဂါနေ့ နေ့နှစ်ချက်တီးကျော် အချိန်မှာ ဖွားမြင်တော်မူခဲ့ပါတယ်။ သူ့ရဲ့ညီတော်မှာ သီရိပဝရ မဟာဓမ္မရာဇာဘွဲ့ခံ အိမ်ရှေ့မင်းသားအရာ အပ်နှင်းခံရတဲ့ ကနောင်မင်းသားကြီး ဖြစ်ပါတယ်။

သက္ကရာဇ် ၁၂၁၄ ခုနှစ် (ခရစ်နှစ် ၁၈၅၂ခုနှစ်)မှာ မင်းပြုခဲ့တဲ့ သီရိမဟာ သီဟ ဓမ္မရာဇာ ခေါ် မင်းတုန်းမင်းကြီးမှာ စုစုပေါင်း မိဖုရား ၄၉ပါးရှိပြီး သားတော် ၅၅ ပါး နှင့် သမီးတော် ၅၃ ပါး၊ ပေါင်း ၁၀၈ ပါး ရှိခဲ့ပါတယ်။ မိဖုရာများထဲမှာ နန်းရ မိဖုရား ၄ ပါး၊ အဆောင်ရ မိဖုရား ၄ ပါးရှိပါတယ်။ မိဖုရားနှင့် ကိုယ်လုပ်တော်များမှာ ဒေဝီ ဘွဲ့ခံ မိဖုရားလတ်၊ ဟေသီ ဘွဲ့ခံ မိဖုရားငယ်၊ဝတီ ဘွဲ့ခံ ကိုယ်လုပ်တော်ကြီး၊သီရီ ဘွဲ့ခံ ကိုယ်လုပ်တော်လတ်၊ မင်းတပ် ဘွဲ့ခံ ကိုယ်လုပ်တော်ငယ် စတဲ့ အဆင့်အမျိုးမျိုး ရှိခဲ့ကြပါတယ်။

၁၂၄ဝ ပြည့်နှစ် ဝါခေါင်လမှာတော့ မင်းတရားကြီး ကျန်းမာတော် မမူပြီး တိုင်းရေးပြည်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခြင်းမပြုနိုင်တော့ အခြေအနေရောက်လာတာကြောင့် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် အလိုပါ မှူးတော်မတ်တော်တို့တိုင်ပင်ပြီး သားတော် သီပေါ မြို့စား သီပေါမင်းအား တော်သလင်းလပြည့်ကျော် (၉) ရက်နေ့မှာ အိမ်ရှေ့စံ အပ်နှင်းခဲ့ပါတယ်။ ဆိုးရွားလာတဲ့ ရောဂါအခြေအနေတွေကြောင့် မင်းတုန်းမင်းကြီးဟာ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်လဆန်း (၆) ရက် အင်္ဂါနေ့မှာ သက်တော် (၆၄)နှစ်၊ နန်းစံ ၂၆ နှစ်ဖြင့် နတ်ရွာစံလွန်တော်မူသွားခဲ့ပါတယ်။

မင်းတုန်းမင်း နတ်ရွာစံလွန်တော်မမူခင်က ပြည်တွင်းလုံခြုံရေး၊ နိုင်ငံတွင်း စက်မှုလက်မှုထွန်းကားရေး၊ နိုင်ငံတော် စည်ပင် သာယာရေးစတဲ့ နိုင်ငံအုပ်ချုပ်ရေးမှာ အမြော်အမြင်ကြီးပြီး ထက်မြက်တဲ့ ညီတော် ကနောင်မင်းသားရဲ့ အမြဲတစေဂရုတစိုက် အကူအညီပေးခဲ့တာကြောင့် အောင်မြင်ခဲ့တဲ့ မင်းတစ်ပါးပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Wikipedia