မန္တလေးမြို့က အထင်ကရနေရာတစ်ခုဖြစ်တဲ့ မန္တလေးတောင်ပေါ်မှာ ထူးခြားတဲ့ အထိမ်းအမှတ်အဖြစ် ရုပ်တုကြီးနှစ်ရုပ်ရှိတာကို သင်လည်း မြင်ဖူးကြမှာပါ။ ဒါကတော့ မန္တလေးတောင်ပေါ်ကို တက်လာသည့်ဟန်ဖြင့် သက်ဝင်လှုပ်ရှားစွာ သွင်းလုပ်ထားတဲ့ မြွေကြီးနှစ်ကောင်ရဲ့ရုပ်တု ပဲဖြစ်ပါတယ်။

မေးစရာကတော့ ဒီမြွေကြီးနှစ်ကောင်ရုပ်တုကို မန္တလေးတောင်ပေါ်မှာ ဘာကြောင့် ပြုလုပ်ထားတာလဲ... ၊ မြွေကြီးနှစ်ကောင်က အရင်က တကယ်ရောရှိခဲ့တာလား ဆိုတာပါ။ သမိုင်းမှတ်တမ်းများမှာတော့ သက္ကရာဇ် ၁၂၄၅ ခုနှစ် မန္တလေးတောင်ပေါ်မှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး မင်းတုန်းမင်းကြီးရဲ့ ကုသိုလ်တော်ဖြစ်တဲ့ ဗျာဒိတ်ပေး ရပ်တော်မူရုပ်ပွားတော်ကြီး မီးထဲပါသွားခဲ့ပါတယ်။

သက္ကရာဇ် ၁၂၆၃ ခုနှစ်မှာ ဆရာတော်ကြီး ဦးနန္ဒိသူရိယသီဟသူက ဗျာဒိပ်ပေးရုပ်ပွားတော်ကြီးကို ပြန်လည်ပြုပြင် မွမ်းမံဖို့အတွက်ဆိုပြီး အလှူခံခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ထူးခြားတဲ့ မြွေကြီးနှစ်ကောင်ဟာ မြောက်ပြင်အရပ်ရှိ ဆေးဆရာကြီးဦးစောရဲ့ အိမ်ဝင်းထဲသို့ ရောက်ခဲ့ပါတယ်။

ဒါကို ဆရာတော်ဦးနန္ဒိက ရုပ်ပွားတော် ထုလုပ်နိုင်ဖို့ မြွေကြီးနှစ်ကောင်ကို မန္တလေးတောင်ပေါ်မှာ တစ်နှစ်ပတ်လုံး ပြသအလှူခံနိုင်အောင် ဆေးဆရာကြီးကို အကူအညီတောင်းခဲ့ပါတယ်။ ရုပ်ပွားတော်ကြီး ထုလုပ်ပြီးတဲ့အခါမှာတော့ မြွေကြီးနှစ်ကောင်ကို ဆရာတော်က ရန်ကင်းတောင်မှာ ဘေးမဲ့ပြန်လွှတ်ခဲ့ပါတယ်။

ခရစ်နှစ် ၁၉၀ရ ခုနှစ်မှာတော့ တောင်ပေါ်မှာ သတင်းသုံးခဲ့တဲ့ ရသေ့ကြီးဦးခန္တီက မန္တလေးတောင်ပေါ်ကို တည်ဆောက်ပြုပြင်ပြီး "မန္တလေးတောင်၊ မြွေနှစ်ကောင်၊ သွားလို့ကြည့်ရအောင်" ဟူသောစကားကို အမှတ်ရအောင်လို့ဆိုကာ မြွေကြီးနှစ်ကောင်ရဲ့ရုပ်တုကို သွန်းလုပ်ထားရှိခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မြွေကြီးနှစ်ကောင်နှင့် ပတ်သက်ပြီး ယနေ့တိုင် မရေရာတဲ့ အမျိုးမျိုးပြောဆို ရေးသားထားကြတာတွေလည်း ရှိပါတယ်။ ဆရာတော် ဦးပဏ္ဍိစ္စရေးသားထားတဲ့ ရသေ့ကြီး ဦးခန္တီရဲ့ အတ္ထုပ္ပတ္တိ၊ စာ-၄၇ မှာတော့ မြွေကြီးနှစ်ကောင်ဟာ မန္တလေးတောင်ကို ပြုပြင်ရန် တောများရှင်းစဉ်က တွေ့ရှိရတဲ့ မြွေကြီးနှစ်ကောင် ဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Source - (မြန်မာ့စွယ်စုံကျမ်း အတွဲ-၉ ၊ အပိုင်း-ခ) & (အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ (မောင်ကြည်သန့်)





