ဝက်အူမကြီးသုပ် သုပ်စားကြမယ်
တစ်ကောင်လုံးမှာ ပစ်ရက်စာမရှိအောင်စားလို့ကောင်းတဲ့ဝက်သားဟာ ဆိုရင်တော့ဖြင့် ကလီစာတွေကို ဟင်းချက်စားမယ်ဆိုရင်လည်း အရမ်းကောင်းသောပဲနော်… ဒီတစ်ခေါက်မှာ လူကြိုက်များတဲ့ကလီစာတစ်မျိုးဖြစ်တဲ့ ဝက်အူမကြီးကို ဟင်းအနေနဲ့မချက်စားပဲ ချဉ်ငံစပ်လေး သုပ်စားကြည့်ရအောင်နော် ဝက်အူမကြီးကို မသုပ်ခင်မှာ သေချာ အထပ်ထပ်ဆေးပေးဖို့လိုပါတယ် ။

ဆားတွေ ၊ ဆနွင်းမှုန့်တွေနဲ့ ဆေးတဲ့အပြင်ကို ရေနွေးနဲ့ပါ သေချာအထပ်ထပ် အတွင်း၊ အပြင် လှန်ပြီး ဆေးပေးရမှာပါ ။ ဆေးပြီးသား ဝက်အူမကြီးကို ပြုတ်ဖို့အနေတော်အရွယ်လေးတွေဖြတ်ပြီး ဂျင်း၊ ငါးငံပြာရည်အကြည်နဲ့ နယ်ပြီး သေချာပြုတ်ပေးပါ ။
ရေနွေးကို ဆူရုံမက မိနစ် ၄၀ လောက် ပြုတ်ပေးရမှာပါ ၊
ကျက်ပြီဆိုတဲ့အခါမှ ဆယ်ပြီး သုပ်ဖို့ အတုံးသေးလေးတွေ ညှပ်ပေးပါ ။

ငရုတ်သီးစိမ်းနဲ့ မျှင်ငပိလေးကို အိုးကင်းလေးထဲထည့်ပြီး လှော်ပေးပါ ။ပြီးရင်တော့ လှော်ထားတဲ့ ငရုတ်သီး ၊ ငပိကို ကြက်သွန်ဖြူလေးထည့်ပြီး ထောင်းပေးပါ။ကြက်သွန်နီ ပါးပါးလှီးထားပါ ....... နံနံပင်ပါရေဆေးပြီး လှီးထားပေးပါ ..... အဆင်သင့်ဖြစ်ပြီဆိုရင်တော့ သေးသေးလေးညှပ်ထားတဲ့ ဝက်အူမကြီးတွေကို ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ ငပိထောင်းလေးနဲ့ ရောနယ်ပေးပါ။
အချဉ်အတွက် သံပုရာသီးညှစ်ထည့်ပေးပါ။
ချဉ် ငံ စပ် မိမိကြိုက်သလို အရသာမြည်းစမ်းထည့်ပေးပါ ။
ပြီးရင်တော့ နံနံပင်လေး အုပ်ပေးလိုက်ပါ… ဒါဆိုရင်တော့ အရမ်းကိုအရသာရှိပြီးစားလို့ကောင်းတဲ့ ချဉ်ငံစပ် ဝက်အူမကြီးသုပ်လေးရရှိပါပြီနော်…. အရမ်းစားလို့ကောင်းလို့ လုပ်စားကြည့်ကြဦးနော်





