ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသမ္မတကြီးက ဘယ်သူလဲလို့မေးရင် သင့်အနေနဲ့ တွေဝေမိမှာတော့ သေချာပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသမ္မတကြီးဟာ ရှမ်းတိုင်းရင်းသားကြီး စပ်ရွှေသိုက်ပဲ ဖြစ်ပါတယ်။ စပ်ရွှေသိုက်ဟာ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့မှာ အဖ ဆာစပ်မောင်နှင့် အမိ မဟာဒေဝီတို့မှ မွေးဖွားတဲ့ သားပဲ ဖြစ်ပါတယ်။

မိဘနှစ်ပါးစလုံးဟာ ရှမ်းလူမျိုးများဖြစ်ကာ ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသူများဖြစ်ပါတယ်။ သူငယ်စဉ်က အတန်းပညာကို ညောင် ရွှေစော်ဘွားကြီးတွေရဲ့ သားသမီးများအတွက် ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပထမကမ္ဘာစစ်အတွင်း ဘားမာရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေ နတ်ကိုင်တပ်ရင်း)မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံရဲ့ လူ ဦးရေ အများဆုံး ဖြစ်တဲ့ ရှမ်း ၊ ကရင် ၊ ကချင် ၊ ဗမာ ဆိုပြီး အုပ်စုလေးစုကို တစ်စုစီ အလှည့်ကျ နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ရာမှာ စပ်ရွှေသိုက်ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ပြီးမြန်မာနိုင်ငံတော်ရဲ့ ပထမဆုံးသမ္မတ ဖြစ်လာခဲ့ပါတယ်။

သမ္မတကြီး စပ်ရွှေသိုက်ဟာ နိုင်ငံတော်ရဲ့ သမ္မတတာဝန်ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မှ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် အထိ ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံခြားချစ်ကြည်ရေး ခရီးစဥ်အဖြစ် သူသွားရောက်ခဲ့တဲ့မှတ်တမ်းမှာ ၁၉၆၀ ပြည့်နှစ် သြဂုတ်လက ချက်စကိုစလိုဗက်ကီးယား နိုင်ငံသို့ သွားရောက်ခဲ့ဖူးပါတယ်။

သူ့ရဲ့ ဇနီးဖြစ်သူဟာ မြောက်သိန္ဒီစော်ဘွားရဲ့ နှမတော်စပ်သူ ဟိန်းစပ်ဖြစ်ပြီး သားသမီး ရှစ်ဦး ထွန်းကားခဲ့ပါတယ်။ ၂၉၆၂ ခုနှစ် မတ်လ (၂)ရက်၊ သောကြာနေ့ နံက် (၁)နာရီ ချိန်မှာတော့ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ စစ်တပ်က သိမ်းယူလိုက်တဲ့အခါမှာ သမ္မတကြီး စပ်ရွှေသိုက်ဟာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ အထိန်းသိမ်းခံဘဝကနေ သမ္မတကြီး စပ်ရွှေသိုက်ဟာ ၁၉၆၂ ခုနှစ် ၊ နိုဝင်ဘာလ (၂၁) ၇က် ၊ ဗုဒဟူးနေ့မှာ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် (၆၆) နှစ်အရွယ်သာ ရှိခဲ့ပါတယ်။ စာရေးဆရာကြီးတွေရဲ့ ရေးသားဖော်ပြချက်တွေမှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်ဟာ ဓနရှင်ပါလီမန်ခေတ်က ပဒေသရာဇ်စိတ်ထားရှိခဲ့တဲ့ သမ္မတကြီးအဖြစ်လည်း မှတ်တမ်းတင်ကြောင်း ဖတ်ဖူးခဲ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Source - ရွှေဥသြ "တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ"





