Cristiano Ronaldo ဟာ အရင်နှစ်က မန်ယူနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အခါ မရေရာတဲ့အနာဂတ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Ronaldo ရဲ့ အမေဖြစ်သူ Maria Dolores ကတော့ သူ့သားကို Sporting Lisbon မှာ ပြန်ကစားစေချင်တယ်လို့ ပြောခဲ့ပေမယ့် Ronaldo က မိသားစုအရေးအတွက် ဆော်ဒီကလပ် Al-Nassr FC ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
Sporting Lisbon ဟာ Cristiano Ronaldo ရဲ့ ငယ်ကလပ်တစ်ခုဖြစ်ပါတယ်။ "Cristiano Ronaldo ဟာ Sporting အသင်းနဲ့ ပထမဆုံးဆုဖလားရယူခဲ့တဲ့အချိန်ကစပြီး Sporting အသင်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်လာတယ်" လို့ Ronaldo ရဲ့ အမေဖြစ်သူက ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် သူမဟာ Ronaldo ကို ပေါ်တူဂီလိဂ်မှာ ပြန်ကစားဖို့တိုက်တွန်းခဲ့ပါတယ်။

TV အစီအစဥ်တစ်ခုမှာ သူမက "သားလေး..၊ ငါမသေခင် Sporting မှာ ပြန်ကစားတာကိုမြင်ချင်တယ်" လို့ တောင်းဆိုခဲ့ပါတယ်။ Ronaldo က "မြင်ရမှာပေါ့၊ အကယ်၍ ငါမကစားနိုင်တော့ရင်တောင် Cristianinho ကစားလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။
ဒီအပြန်အလှန်ပြောကြားချက်တွေအရ Cristiano Ronaldo တစ်ယောက် ကစားသမားနေဝင်ချိန်ကို Sporting မှာပဲ ကုန်ဆုံးသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ Cristiano Ronaldo ဟာ အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး လက်တလော Al-Nassr FC မှာ ကစားနေပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။