ကမ္ဘာ့နိုင်ငံများမှာ လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ အထင်ကရ နေရာများစွာရှိကြသလို ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ထူးဆန်းဖွယ်ရာများနှင့်ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာ နေရာတစ်ခုရှိပါတယ်။ အဲ့ဒီနေရာကတော့ ကြတ်ဂူပဲ ဖြစ်ပါတယ်။ ကြတ်ဂူဟာ ကယားပြည်နယ် ၊ လွိုင်ကော်မြို့အရှေ့ ဆယ်မိုင်ခန့် ၊ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၉၀ ပေမှာရှိတဲ့သဘာဝထုံးကျောက်၊ ဒိုလိုမိုက်ကျောက်တွေနဲ့ ဖွဲ့စည်းထား လိုဏ်ဂူကြီးပဲ ဖြစ်ပါတယ်။ကယားဘာသာနဲ့ဆိုရင်တော့ "ရာစုကု"လို့လည်း ခေါ်ပါတယ်။

ဒီလိုဏ်ဂူရဲ့ လူသိများလာတဲ့အကြောင်းမှာ ကျွန်းသားတွေနဲ့ ထွင်းထုထားတဲ့ ထိတ်လန့်စရာ ခေါင်းတလားများရှိနေခြင်းကြောင့်ပါ။ ဂူအတွင်းထဲမှာတော့ ခေါင်းတလားအချို့ဟာ အရှည် ၁၂ ပေ ၁၃ ပေထိရှိသလို အချို့မှာ ၁၆ ပေထိရှည်လျားပါတယ်။ ဒီနေရာမှာ မမြင်မတွေ့နိုင်တဲ့ ပရလောကသားတွေ နေထိုင်တယ်ဆိုတဲ့ တချို့ ယူဆချက်တွေလည်း ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်လောက်က ဂူကြီးထဲကို ဝင်ခဲ့ဖူးတဲ့သူတွေရဲ့ အဆိုအရ ဂူရဲ့မျက်နှာကြက်တွေပေါ်မှာ အခေါင်းတွေရှိကြပြီး အဲ့ဒီအခေါင်းတွေထဲမှာ အရိုးစုတွေတောင်တွေ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကြတ်ဂူနဲ့ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် ရှိခဲ့ဖူးပါတယ်။

တစ်နေ့မှာ ရှမ်း - ကယားနယ်စပ်က မိုးဗြဲဘုရားပွဲကို သွားမယ့် ကယားအမျိုးသမီးတစ်ဦးဟာ နွားလှည်းနဲ့ ဂူအနီးကနေဖြတ်လာခဲ့ပါတယ်။ အဲ့ဒီမှာ သာမန်ထက် အရပ်အလွန်ရှည်ပြီး ဆံပင်ဖားလျားချထားတဲ့ ရင်လျှားနဲ့မိန်းမတစ်ယောက်ဟာ ကယားအမျိုးသမီးကြီးကို အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲဘုရားပွဲမှာ သူမရဲ့ ခင်ပွန်းသည်လည်း သွားတာကြောင့် သူ့ကိုတွေ့ရင် ကလေးအရမ်းနေမကောင်းဖြစ်နေတယ် ကလေးအတွက် အခေါင်းလုပ်ဖို့ ချက်ချင်းပြန်လာပေးပါလို့ပြောပေး စကားအမှာပါးခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းသည်ကို သာမန်လူတွေရဲ့ မျက်လုံးဖြင့် မတွေ့နိုင်တာကြောင့် ရှာလို့အကူအညီဖြစ်စေမယ့် အဆောင်လိုလိုပစ္စည်းတစ်ခုကိုပါ ထည့်ပေးခဲ့ပါတယ်။ ဘုရားပွဲခင်းထဲအရောက်မှာလည်း ခင်ပွန်းသည်ကို အဆောင်ပစ္စည်းရဲ့အကူနဲ့ရှာပြီး ထူးခြားတဲ့အမျိုးသမီးအမှာပါးလိုက်တဲ့ စကားကိုပြောပြခဲ့ပါတယ်။ အမျိုးသမီးရဲ့ ခင်ပွန်းသည်ကလည်း သာမန်ထက် အရပ်အလွန်ရှည်တယ်လို့ ဆိုပါတယ်။

ဒီလိုကြောက်စရာကောင်းတဲ့ ဒဏ္ဍာရီဆန်ဆန်ရှိခဲ့တာကြောင့် ကြတ်ဂူရဲ့ အနီးအနားမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ ဒီနေရာဟာ အမှားအယွင်းမခံတာကြောင့် ယနေ့အချိန်ထိ ဂူနားကိုမလာရဲကြပါဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ ဂူအကြောင်းကို စိတ်ဝင်တစား လေ့လာဖို့ လာရောက်လည်ပတ်သူတွေလည်း ရှိနေကြပြီပဲဖြစ်ပါတယ်။ အကယ်၍ ကယားပြည်နယ်ကို အလည်အပတ်ရောက်ရှိခဲ့မယ်ဆိုရင်တော့ ထူးဆန်းဖွယ်ရာများ နှင့် ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာ "ကြတ်ဂူ"ဆီကိုလည်း သွားရောက်လေ့လာကြပါလို့ အကြံပြုလိုက်ပါတယ်။
