Facebook နဲ့ Instagram အသုံးပြုသူများအတွက် Feature အသစ်တစ်ခုကို Facebook တည်ထောင်သူ Mark Zuckerberg က မိတ်ဆက်လာခဲ့ပြီး Facebook အသုံးပြုသူများဟာ ၎င်းတို့ရဲ့ အကောင့်များတွင် အကောင့်အစစ်ဖြစ်ကြောင်း သက်သေအထောက်အထား ဖြစ်တဲ့ အပြာရောင်အမှန်ခြစ် အမှတ်အသား Blue Mark ကို လစဉ်ကြေးပေး၍ ဝယ်ယူရရှိနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အဆိုပါဝန်ဆောင်မှုကို ဖေဖော်ဝါရီ(၁၉)ရက်နေ့မှာ စတင်ကြေညာခဲ့ပြီး ၎င်း ဝန်ဆောင်မှုအား ယခုသီတင်းပတ်အတွင်း သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့တွင် စတင်ရရှိမည်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ သို့ပေမယ့် Blue Mark အမှတ်အသား လျှောက်ထားရန်အတွက် အစိုးရထံမှ ထုတ်ပေးထားတဲ့ သက်သေခံကဒ်များတော့ လိုအပ်သွားမည်ဖြစ်ကြောင်း ဇူကာဘက် က ပြောကြားခဲ့ပါတယ်။

ဒီဝန်ဆောင်မှုအတွက် ငွေကြေးပေးချေရာမှာ ဝက်ဘ်ပေါ်မှဆိုလျှင် (၁၁.၉၉) ဒေါ်လာ ကျသင့်မည်ဖြစ်ကာ iOS သို့မဟုတ် Android ဖုန်းများမှ ဆိုရင်တော့ (၁၄.၉၉) ဒေါ်လာ ကျသင့်မည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ကွာခြားရခြင်းမှာ ဖုန်းဖြင့်ဆိုပါက အိုင်ဖုန်းဆိုပါက Apple ကုမ္ပဏီသို့ ကော်မရှင်ခ ပေးချေရခြင်းကြောင့်ဖြစ်ကာ Android ဆိုပါက အဆိုပါစနစ်အတွက် Google ကုမ္ပဏီကို ကော်မရှင်ခ ပေးချေရခြင်းကြောင့် ဟုဆိုထားပါတယ်။ ယခုလုပ်ဆောင်ချက်အသစ်ဟာ Blue Mark ရထားပြီးသား အကောင့်များနှင့် သက်ဆိုင်ခြင်းမရှိဘူးလို့လည်းဆိုထားပါသေးတယ်။






