မင်းကတော်ငပိရည်လို့ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ ပုစွန်ထုတ်ကြီးကြီးနဲ့ငပိရည်ဖျော်ကို သိကြမယ်လို့ထင်ပါတယ်။ ပုံမှန်ရိုးရိုးငပိရည်တွေနဲ့မတူပဲ ရှယ်ကိတ်တဲ့ပုစွန်ထုတ်ကြီးတွေပါပြီး ဟင်းမလိုလောက်အောင်ကို သူ့တစ်မျိုးနဲ့တင် ထမင်းတစ်အိုးကုန်နိုင်တဲ့ ငပိရည်မျိုးပါ။

အရသာကတော့ တကယ်ကို မင်းကြိုက်စိုးကြိုက်အရသာ မျိုးဖြစ်ပြီး အရည်သွေးအဆင့်မှီတဲ့ Premium ငပိရည်လို့တောင်ပြောလို့ရပါတယ်နော်…
ဆိုတော့ ဒီလိုဈေးကြီးတဲ့ မင်းကတော်ငပိရည်ကို အိမ်မှာ လုပ်စားကြည့်ရအောင်နော်
ပါဝင်ပစ္စည်းများ
_ ပုစွန်ထုတ်၊ ငပိရည်ကျို၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးပွအနီ၊ ကြက်သွန်နီ ၊ နံနံပင်၊ ရေအနည်းငယ်၊ အရသာမှုန့်

ပြုလုပ်ပုံအဆင့်ဆင့်
(၁) ပုစွန်ထုတ်များကိုရေဆေးပြီးသေချာ ကိုင်ထားပါ။ခေါင်းဖြုတ်ချင်ရင်ဖြုတ်ပါ၊ မဖြုတ်ချင်ရင်တော့ချီးစင်အောင်ထုတ်ပေးရင်ရပါပြီ။
(၂) ပြီးရင်အခွံမခွာသေးပဲ မီးရဲရဲမှာကင်ထားပါ။ တခြား ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ငရုတ်သီးအနီပွနဲ့၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီများကိုပါ မီးသွေးမီးဖိုမှာ ကင်ထားပါ။

(၃) ငပိရည်ကို ကျိုပါ၊ ကျိုပြီးသားကောင်းကောင်းဝယ်မယ်ဆိုရင်လည်းရပါတယ်။ ငပိရည်ကျိုပြီးရင် စောနာက မီးဖုတ်ထားတဲ့ အသီးအနှံများကို ဇွန်းနဲ့ချေပြီး ငပိရည်အိုးထဲရောထည့်ပါ။ ပွက်ပွက်ထနေတဲ့ငပိရည်အိုးထဲကို ပုစွန်မီးဖုတ်အခွံနွှာပြီးထည့်ပါ။

(၄) အရသာမှုန့်အနည်းငယ်ထည့်ပြီး နောက်ဆုံးမှာ နံနံပင်လေးအုပ်လိုက်ပါ။
ဒါဆိုရင်တော့ သိပ်ကိုအရသာရှိပြီး ထိမိတဲ့ မင်းကတော်ငပိရည်ကျိုရပါပြီနော်။ ငရုတ်သီးမှုန့်ကြိုက်ရင်တော့ ငရုတ်သီးအကျက်မှုန့်ထည့်ပြီး စားလို့ရပါပြီ။
အရမ်းထမင်းမြိန်လို့လုပ်စားကြည့်ကြဦးနော်…