အိမ်တော်တော်များများမှာ နေထိုင်လေ့ရှိတဲ့ ပိုးဟပ်တွေကတော့ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သလို သူ့ဆီကနေလည်းရောဂါပိုးတွေ ကူးစက်စေနိုင်ပါတယ်။ ပိုးဟပ်အကြောင်းကို အရင်ပြောပါဆိုရင် “သူတို့ဆီမှာ အဆုပ်မပါဘူး၊ ပိုးဟပ်အမတွေက တစ်သက်မှာ တစ်ခါသာမိတ်လိုက်ပြီး ဉ ဉရင် ၈ ဉ ဉတယ်။ သူတို့ကို ညဘက်တွေမှာသာတွေ့နိုင်ပြီး စိုစွပ်တဲ့နေရာတွေမှာနေလေ့ရှိပါတယ်။

ပိုးဟပ်တွေနဲ့ ဆက်စပ်နေတဲ့ ရောဂါ ခန့်မှန်းခြေ ရောဂါ အမျိုးပေါင်း ၅ဝ လောက်ရှိနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ သူတို့စီကနေ ဖြစ်လာတတ်တဲ့ရောဂါတွေကတော့ ဝမ်းကိုက်၊ တိုက်ဖွိုက်၊ သူငယ်နာ-အကြောသေ၊ အစာလမ်းရောင်-ဝမ်းပျက်၊ အစာဆိပ်သင့်၊ တီဘီ၊ ကာလဝမ်း၊ အနာကြီး၊ အသဲရောင်၊ အကြိတ်-ပလိပ်၊ ဆီးလမ်းပိုးဝင်ခြင်း၊ Allergic တွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပန်းနာ ရင်ကျပ်ရှိတဲ့လူ ၅ဝ% လောက်က သူတို့နဲ့ ဓာတ်မတည့်ကြပါဘူး။

ခြင်တွေ အင်းဆက်တွေလိုတော့ ရောဂါပိုးတွေကို တိုက်ရိုက် သယ်ယူတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်သူတို့တွေက ညစ်ပတ်တဲ့၊ မသန့်တဲ့ နေရာတွေလဲ လျှောက်သွားနေတာမို့ ကိုယ်မှာ မလိုလားအပ်တာတွေ ပေကျံနေတယ်။ အစားအသောက်တွေကို ပိုးဟပ်ရဲ့ သွားရည်၊ မစင်တွေကနေ မသန့်တာတွေ ကူးစက်စေတာမျိုးပါ။

ပိုးဟပ်တွေက အသက်ပြင်းတယ် သူတို့ သက်တမ်း ၁ နှစ်သာ ရှိပေမဲ့ ရေမသောက်ဘဲ ၂ ပါတ်၊ စားစရာမရှိဘဲ ၁-၃ လ အထိ ရှင်သန်နိုင်ပါတယ်။ ခေါင်းပြတ် သွားတာတောင် ၁ ပါတ်ကြာ အသက်ရှင်နေနိုင်တယ်။ ဓါတ်ရောင်ခြည်ကို အတော် ခံနိုင်တယ်။ အနုမြူစစ်ပွဲ ဖြစ်ရင် လူတွေသေပြီး၊ ဒီအကောင်တွေက ကျန်နေနိုင်တယ်လို့ ဆိုပါတယ်။
