ပုဂံ ရှိ ဘုရားဆင်းတုတော်တွေဟာ အင်မတန် အဖိုးတန်တာကြောင့် ခိုးယူမှုတွေ ဖြစ်ပွားလေ့ရှိတာကြောင့် သေချာ သတိထားပြီး ထိန်းသိမ်းနေရတာဖြစ်ပြီး အခုနောက်ပိုင်းမှာဆို ပုဂံ မှာ ရှေးဟောင်းပစ္စည်းတော်တော်များများကိုပါ အဆက်မပြတ်ဆိုသလို ခိုးယူမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။ လတ်တလောမှာလည်း ပုဂံရှိ ခေါင်းလောင်း (၄) လုံးခိုးခံခဲ့ရတယ်ဆိုတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ပုဂံရှိ ဘုရားအချို့က ကြေးခေါင်းလောင်းတွေ ခိုးယူခံရတယ်လို့ ပုဂံဌာနခွဲက ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တဆင့် သိရပါတယ်။ အခိုးခံလိုက်ရတဲ့ ခေါင်းလောင်းတွေကတော့ ယနေ့ခေတ် အလှူရှင်တွေ လှူဒါန်းထားတဲ့ ခေါင်းလောင်းတွေဖြစ်ပြီး မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့် ပွင့်လင်းဘုရား၊ ရွှေချမ်းသာ(ခ)ဆုတောင်းပြည့်ဘုရားနဲ့ သာယာဝတေး ဘုရားတွေက ခေါင်းလောင်းတွေ အခိုးခံရတာဖြစ်တယ် လို့သိရပါတယ်။

မင်းအိုချမ်းသာ ဘုရားမှာ (၂၀၁၅) ခုနှစ် ဝန်းကျင်ခန့်က လှူဒါန်းထားတဲ့ အကြီးဆုံး ခေါင်းလောင်းနဲ့ အဆိုပါဘုရားတွေက ခေါင်းလောင်းတွေအပါအဝင် ခေါင်းလောင်း (၄) လုံး အခိုးခံရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းကလည်း ပုဂံရှိ ဘုရားအမှတ် (၇၁၆) နဲ့ (၄၁၈) တို့က ဘုရားဆင်းတုတော်တွေနဲ့ နံရံဆေးရေးပန်းချီတွေ အခိုးခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။ (၂၀၂၁)ခုနှစ်နောက်ပိုင်းကာလတွေကစလို့ ပုဂံဒေသမှာ ခိုးမှု လုယက်မှု တွေမကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကလည်း ပြောကြားထားပါတယ်။
