ထိုင်းနိုင်ငံ မှာ တက္ကသိုလ်တက်ရောက်နေတဲ့ မြန်မာကျောင်းသား တစ်ဦး အထပ်မြင့်တိုက်ပေါ်မှ ခုန်ချမှုကြောင့် သေဆုံးသွားတယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ နာမည်ကြီး ပုဂ္ဂလိက တက္ကသိုလ်မှာ ပထမနှစ် တက်ရောက်နေတဲ့ အသက် (၂၁) နှစ် အရွယ်ရှိ မြန်မာ ကျောင်းသား ဖြိုးကျော်နိုင်ဆိုသူဟာ ယမန်နေ့ ဇန်နဝါရီ (၂၆) ရက်နေ့က ခုန်ချသေဆုံးခဲ့တယ် လို့ သိရပါတယ်။

အသက်(၂၁)နှစ်အရွယ်ရှိ အဆိုပါအမျိုးသား ဟာ သူနေထိုင်တဲ့အခန်းရဲ့ နောက်ဖေးမှာရှိတဲ့ လသာဆောင်မှာ ဖိနပ်တစ်ရံချွတ်ထားကာ အောက်ကို ခုန်ချခဲ့တာဖြစ်ပြီး ၎င်း နေရာမှာတင်ပဲ သေဆုံးသွားတာဖြစ်တယ်လို့ သတင်းဌာနများမှာ ဖော်ပြထားခဲ့ပြီး သူတက်ရောက်ခဲ့တဲ့ ကျောင်းအမည်ကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိဘူး လို့ သိရပါတယ်။

သတင်းဖော်ပြထားချက်အရ ယင်းဖြစ်စဉ်ကို ဒေသခံ ရဲစခန်းမှ စစ်ဆေးရေးအရာရှိများ နှင့် မှုခင်းဆေးသိပ္ပံဌာန ဆရာဝန်များ အပါဝင် ပရဟိတ လူမှုကယ်ဆယ်ရေးနှင့်တကွ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ယင်း ကျောင်းသား ဟာ အထပ်မြင့် (၅) ထပ်တိုက်အခန်း တစ်ခုမှာ တစ်ဦးတည်း နေထိုင်သူဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၅) ရက်နေ့က မိသားစုတွေထံ စာပို့ပြီး နှုတ်ဆက်စကားပြောဆိုပြီးနောက်မှာ အဆုံးစီရင်တာမျိုး ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

