ထိုင်းနိုင်ငံ ၊ Impact Arena မှာ ဒီကနေ့ မနက် ကျင်းပပြုလုပ်တဲ့ One Championship MMA ပြိုင်ပွဲရဲ့ One Fight Night 6 ပွဲစဉ်မှာ မြန်မာ့ MMA Fighter ကြီး အောင်လအန်ဆန်က ဘရာဇီးဖိုက်တာ Gilberto Galvao ကို အလဲထိုး အနိုင်ယူနိုင်ခဲ့ပါတယ်။


(၅) မိနစ် (၃) ချီ ယှဉ်ပြိုင်ထိုးသတ်တဲ့ ပွဲရဲ့ ပထမ အချီမှာတင်ပဲ အောင်လ က ပြိုင်ဖက် ဘရာဇီးလ်သားကို တစ်ချီတည်း အပီကျုံးကာ အလဲထိုး အနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အောင်လနဲ့ ဘရာဇီးဖိုက်တာ Gilberto Galvao တို့နှစ်ဦးဟာ ဒီကနေ့ ပွဲစဉ်မှာ Catch Weight တန်း(၂၁၅ ပေါင်) နေရာကနေ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဒီကနေ့ပွဲစဉ်ဟာ အောင်လ နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ ထိုးသတ်ဖို့ အစက ပွဲစီစဉ်ထားပေမယ့် တရုတ်ဖိုက်တာ Fan Rong မှာ ပွဲထိုးဖို့ရက်နီးလာတဲ့အခါမှ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် Galvao နဲ့ ပြောင်းလဲ ထိုးသတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အောင်လကတော့ မြန်မာတွေ ခက်ခဲမှုတွေရင်ဆိုင်နေရလို့ အားတင်းထားဖို့ ပြောသလို ငြိမ်းချမ်းရေးအတွက် အမြဲတမ်းလည်း ဆုတောင်ပေးနေတယ်လို့ မြန်မာပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပွဲအပြီးမှာ ပြောထားပါသေးတယ်။

