ဝက်သားလို့ ပြောလိုက်တာနဲ့ အကောင်လိုက်မောင်းသွင်းချင်တဲ့ အဖွဲ့က သက်သက်ကို ရှိပါတယ်နော်... ဝက်သားကို မှ ပင်စိမ်းနံ့မွှေးမွှေးလေးနဲ့ စပ်စပ်လေးချက်စားကြမယ်ဆိုရင် သိပ်ကိုအရသာရှိပါတယ်...
ဒါကြောင့် ဒီနေ့မှာတော့ ထမင်းလည်းမြိန် အရသာလည်းရှိတဲ့ ထိုင်းအစားစာ ဝက်ပင်စိမ်း ချက်နည်းလေးကို ပြောပြပေးလိုက်ပါတယ်...
အတူတူလိုက်ချက်ကြည့်ရအောင်နော်...

ပါဝင်ပစ္စည်းများ
_ ဝက်သား၊ပင်စိမ်း၊ ပဲသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးစိမ်း (အနီ၊အစိမ်း)
_ ခရုဆီ၊ဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ရေအနည်းငယ်၊ အရသာမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်
ပြုလုပ်ပုံအဆင့်ဆင့်

(၁) ဝက်သားများကို ကြိတ်ထားပေးပါ(သို့ ) ပါးပါးလှီးထားပေးပါ။ ပြီးရင် ဝက်သားများထဲကို အရသာမှုန့် အနည်းငယ်၊ ငံပြာရည်အကြည်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ခရုဆီအနည်းငယ်ထည့်ကာ နပ်ထားပေးပါ။ ပဲသီးများကို အတုံးသေးလေးတွေ လှီးဖြတ်ထားပေးပါ။
(၂) ဒယ်အိုးကို ဆီပူပေးပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂျင်းများကို ထောင်းထားပြီး ဆီသပ်ပေးပါ။ ဆီသပ်ထားတဲ့ထဲကို ဝက်သားများရောထည့်ပြီး ကျက်အောင် ချက်ပါ။ အသားနူးလာဖို့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ထားပေးပါ။

ဝက်သားများနူးလာရင်တော့ အပေါ်ကနေ ခရုဆီအနည်းငယ်၊ပဲငံပြာရည်အကြည်အနည်းငယ် ပဲငံပြာရည်အနောက်အနည်းငယ် နဲ့ ငရုတ်သီးစိမ်းများကို ထည့်ပါ။ ပြီးရင်တော့ပဲသီးများနဲ့ ပင်စိမ်းများကို ပါထည့်ပါ။
(၃) ပဲသီးရော ဝက်သားရော နူးပြီးကျက်လာပြီဆိုရင်တော့ အရသာရှိတဲ့ဝက်ပင်စိမ်းပူပူလေးရပါပြီ။
ကြက်ဥHalf Boil လေးကြော်ပြီး ထမင်းပေါ်ကအုပ် ဘေးကနေ ဝက်ပင်စိမ်းလေးကို တင်ပြီးဆိုင်တွေမှာစားသလို ခပ်ချေချေစားလို့ရပါပြီနော်...
ကဲ အရမ်းလွယ်ပြီးစားလို့ကောင်းလို့ အိမ်မှာ လိုက်ချက်စားကြည့်ကြဦးနော်...





