အခုလတ်တလောမှာ ဆံပင်ကျွတ်တာက လူတိုင်းနီးပါး ကြုံတွေ့နေကြပြဿနာ တစ်ရပ်ပါပဲ ။ ဆံပင်တွေ ကျွတ်ရင်းနှင့် တဖြေးဖြေး ဆံပင်ပါးလာပြီး ထိပ်ပြောင်တာ ၊ ထိပ်ကွက်တာတွေ ဖြစ်ကုန်တာပါပဲ။ ဒီလိုအခြေအနေတွေကို တွန်းလှန်နိုင်ဖို့အတွက် ဆံသားပျက်စီးစေတဲ့ အကြောင်းရင်းတွေနဲ့အတူ ပြုပြင် ထိန်းသိမ်းရမယ့် နည်းလမ်းတွေပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ဆံပင်ဖြောင့်စက်၊ ကောက်စက်နဲ့ လေမှုတ်စက် (Hair dryer) အစရှိတဲ့ ဆံကေသာအလှကို ဖန်တီးပေးတဲ့ကိရိယာတွေဟာ ဆံသားပျက်စီးမှုကို ကာကွယ်ပေးတဲ့ ပရိုတင်းဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဆံကေသာကို အပူဒဏ်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ spray ကို ဆံသားအကို လိမ်းပေးပြီးမှ ဆံပင်ပုံသွင်းခြင်းကို ပြုလုပ်သင့်ပါတယ်။
§ အာဟာရဓာတ်ချို့တဲ့ခြင်း

ဆံကေသာမှာ မူလပရိုတင်းဓာတ်ဆိုတာ ပါ၀င်ပြီးသားဖြစ်ပေမယ့် ကိုယ်ကပရိုတင်းဓာတ်ကို ထပ်မံဖြည့်တင်းပေးနိုင်တဲ့ အစာအစာတွေကို အစားနည်းရင် ဆံသားတွေခြောက်သွေ့ပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ငါး၊ ကြက်သား၊ ပဲနီကလေးနဲ့ ပဲသီးတောင့် စတဲ့ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအစာတွေက ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
§ နူးညံ့မှုမရှိတဲ့ တဘက်ကိုအသုံးပြုခြင်း

ခေါင်းလျှော်ပြီးချိန်မှာဆံပင်ခြောက်အောင် တဘက်နဲ့ အားပြင်းပြင်း သုတ်ခြင်းတို့ဟာ ဆံပင်ကျွတ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးမှ ဘီးကျဲနဲ့ဖြီးပေးခြင်း၊ နူးညံ့တဲ့တဘက်နဲ့ ညင်သာစွာသုတ်ပြီး ခြောက်သွေ့စေခြင်းဖြင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
§ ကြိမ်ဖန်များစွာခေါင်းလျှော်ခြင်း

နေ့စဉ် Shampoo သုံးပြီး ခေါင်းလျှော်ပါက ဦးရေပြားနဲ့ဆံပင်မှာရှိတဲ့ သဘာ၀အဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှစ်ရက်ခြားတစ်ခါထက်ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး။





