ဆောင်းတွင်းမှာ တုတ်ကွေးနဲ့ အအေးပတ်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် ခန္ဓာကိုယ်က အာဟာရဓာတ် တွေပြည့်ဝဖို့ လိုအပ်ပါတယ်။ ဆောင်းရာသီဟာ ပြင်ပအပူချိန်အနေနဲ့ အေးစက်စက်ဖြစ်နေတဲ့ ကာလဆိုပေမယ့် ခန္ဓာကိုယ် မှာတော့ ကိုယ်တွင်းအပူချိန်တွေ များနေတတ်ပါတယ်။ ကိုယ့်နိုင်ငံမှာတော့ အရမ်းမအေးဘူးဆိုပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပေါ့ဆလို့ မဖြစ်ပါဘူး။ ကျန်းမာဖို့အတွက် အစားအစာကလည်း အရေးကြီးတဲ့ အရာတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီစေဖို့ ဆောင်းရာသီမှာ များများစား သုံးပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စွပ်ပြုတ်

စွပ်ပြုတ်ပူပူနွေးနွေးလေးတစ်ခွက်က အေးတဲ့ရာသီဉတုအတွက် စားသင့်တဲ့အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ အအေးမိ၊ နှာစေးတာတွေကို သက်သာစေတဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးမျိုးစုံနဲ့ စွပ်ပြုတ်လုပ်သောက်လို့ ရသလို ချင်းပြုတ်ရည်ဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
၂။ ဗီတာမင်စီကြွယ်ဝတဲ့အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ

ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥကဲ့သို့ အစားအစာတွေနဲ့ ချဉ်သောအသီးတွေက ဗီတာမင်စီကြွယ်ဝတာကြောင့် သင့်ရဲ့ အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်စီက သင့်ရဲ့ကိုယ်ခံအားကောင်းစေပြီး စွမ်းအင်တိုးစေပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်တဲ့သူဆိုရင်တော့ မဖြစ်မနေ စားပေးသင့်ပါတယ်။
၃။ အချဉ်ဓါတ်ရှိတဲ့ အသီးတွေ

ချဉ်တဲ့အရသာရှိတဲ့ အသီးအနှံတွေဟာ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ဗီတာမင်တွေလည်း ပေါကြွယ်ဝပါတယ်။ သံပုရာသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သလဲသီး အစရှိတဲ့ သစ်သီးတွေမှာ ဗီတာမင် C ဓါတ် အများအပြား ပါဝင် တာကြောင့် ဆောင်းရာသီမှာ စားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
၄။ ဇင့်ဓာတ်ပါတဲ့ အစားအစာတွေ

ဆောင်းရာသီက တုတ်ကွေးနဲ့အအေးမိတာတွေလို ဗိုင်းရပ်တွေကူးစက်ခံရနိုင်တာမို့ ခုခံအား စနစ်ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဟင်းနနွယ်၊ ပဲအမျိုးမျိုး၊ ကမာ စတဲ့စားစရာတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ့်ရဲ့ခုခံအား စနစ်အတွက် အရေးပါပါတယ်။
၅။ ငါးနဲ့ ပင်လယ်စာ

တူနာငါး၊ ဆော်လ်မွန်ငါး အစရှိတဲ့ ငါးတွေ၊ ပင်လယ်စာတွေ မှာ ဗီတာမင် B12 အပြင် အာဟာရဓါတ် အများအပြား ပါဝင်လို့ ဆောင်းတွင်းမှာ စားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ B12 ကြွယ်ဝတဲ့ အစားအစာတွေက ခုခံအားကောင်းစေပြီး မောပန်းလွယ်ခြင်းကို သက်သာစေတာကြောင့် ဆောင်းရာသီမှာ ငါး၊ ပင်လယ်စာတွေကို စွပ်ပြုတ်နဲ့ ဖြစ်စေ၊ ဟင်းသီးဟင်းရွက်နဲ့ ရောချက်ပြီး ဖြစ်စေ စားသုံးပေးနိုင်ပါတယ်။





