ယမန်နေ့ ညက မန်ချက်စတာယူနိုက်တက်အသင်း ဟာ ဖူဟမ်အသင်းကို အနိုင်ရရှိလို့ စည်းစည်းလုံးလုံး အောင်ပွဲခံနေကြခဲ့တာဖြစ်ပြီး ယနေ့ မနက်မှာတော့ ရော်နယ်ဒို ရဲ့ စည်းမရှိကမ်းမရှိပြောဆိုဖြေကြားထားခဲ့တဲ့ အင်တာဗျူးတစ်ခုကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ရဲ့ပရိသတ်တွေအနေနဲ့ ရော်နယ်ဒို အပေါ် အတော်လေး စိတ်ပျက်နေကြပြီဖြစ်ပါတယ်။

နိုင်ငံတကာ အားကစားသတင်းခေါင်းစီးပိုင်းတွေမှာဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကအစ အခုချိန်ကစားနေတဲ့ ကစားသမားအားလုံးကို ပတ်ရမ်းနေတဲ့ ရော်နယ်ဒို ရဲ့ သတင်း ဟာ အတော်လေး နာမည်ကြီးနေပါပြီ။ ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ တန်ဟက် နဲ့ အသင်းဖော်တချို့ကပါ သူ့ကို အသင်းကနေ ထွက်စေချင်နေကြောင်း ဒဲ့ ပြောသွားသလို ကစားသမားဟောင်း ဝိန်းရွန်းနီ ကိုလည်း ဝိန်း အနားယူတဲ့ အရွယ်မှာ မိမိ ရဲ့ ခြေစွမ်းဟာ အရမ်းကောင်းနေခဲ့တာကြောင့် ဝိန်း က မနာလိုဖြစ်နေတာလို့ ပြောလာခဲ့တာဖြစ်ပါတယ်။

ဒီ အင်တာဗျူး ထွက်ပေါ်လာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ တာဝန်ရှိသူတွေသာမက အသင်းရဲ့ အမာခံပရိသတ်တွေအားလုံးကပါ အသင်းအပေါ် ကျင့်ဝတ်ပျက်ကွက်လွန်းတဲ့ ရော်နယ်ဒိုကို အတော်လေး စိတ်ပျက်နေကြပြီဖြစ်ပါတယ်။ တစ်သင်းလုံး က ရော်နယ်ဒိုကို ပစ်ပယ်ထားတာ မဟုတ်ဘဲ မနေ့က ဖူဟမ် နဲ့ ပွဲရဲ့ လူစာရင်း မှာလည်း ရော်နယ်ဒိုကို ထည့်သွင်းခဲ့ပေမယ့် ရော်နယ်ဒို ကိုယ်တိုင်က ဖျားနာနေတာကြောင့် ခွင့်ပေးရန် တောင်းဆိုခဲ့တာကြောင့်သာ မထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ အသင်းရဲ့တာဝန်ရှိသူတွေကလည်း ရော်နယ်ဒိုရဲ့ အင်တာဗျူး အပေါ် ဘာမှတ်ချက်မှ ထုတ်ပြန်ပေးမှာ မဟုတ်ကြောင်း ၊ ကစားသမား ထက် အသင်းကောင်းမွန်ရေး ၊ စည်းလုံးရေးကသာ ပိုအရေးကြီးကြောင်း အသင်းက ပြောကြားထားခဲ့ပါတယ်။
