စင်ကာပူမှာ သုံးလအရွယ်ပဲ ရှိသေးတဲ့ အလုပ်ရှင် ရဲ့သားဖြစ်သူကို ရိုက်နှက်ရုံသာမက နို့ထဲ အကိုက်အခဲပျောက်ဆေးတွေ ထည့်တိုက်တဲ့ အိမ်အကူ အမျိုးသမီးတစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ စင်ကာပူအခြေစိုက်သတင်းဌာနများရဲ့ဖော်ပြချက်အရ သိရပါတယ်။

စင်ကာပူနိုင်ငံ က လင်မယား စုံတွဲ ဟာ သူတို့ရဲ့ သုံးလအရွယ် သားလေးကို ထိန်းဖို့အတွက် အသက် (၂၇) နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး ကို ပြီးခဲ့တဲ့ သြဂုတ်လက အိမ်အကူ ခန့်ထားခဲ့ပြီး ခန့်ထားတာကြာလေ ကလေး ရဲ့ ကိုယ်အလေးချိန်တက်မလာတာကြောင့် ၎င်းအချင်းအရာကို သံသယဖြစ်ရာကနေ အိမ်မှာ တပ်ဆင်ထားတဲ့ စီစီတီဗီ ကင်မရာကို စုံစမ်း စစ်ဆေးကြည့်ခဲ့တာဖြစ်ပါတယ်။

အဲ့လိုကြည့်လိုက်တဲ့အခါမှာ အိမ်အကူအမျိုးသမီးက ကလေးဦးခေါင်းကို ရိုက်နှက်နေခဲ့ပြီး ကလေးသောက်တဲ့ နို့ထဲကို အကိုက်အခဲပျောက်ဆေးတွေ ထည့်နေတာကို အိမ်ရှင်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အိမ်အကူအမျိုးသမီး ဟာ Panadol အမည်ရ အကိုက်အခဲပျောက်ဆေးကိုတိုက်ရုံသာမက မြန်မာနိုင်ငံမှပါလာတဲ့ အကိုက်အခဲပျောက်ဆေးနဲ့အဖျားပျောက်ဆေးတွေကိုပါ ထည့်တိုက်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အိမ်ရှင်တွေက မေးကြည့်တဲ့အခါမှာ ကလေးကြီးထွားဖို့ရန် နှင့် အစားစားစေရန်အတွက်လုပ်ခဲ့တာလို့ဖြေဆိုခဲ့ပြီး လက်ရှိမှာတော့သူ့ကိုရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့သိရပါတယ်။






