ရုရှားနိုင်ငံရှိ အမြင့်ပေ ၄၇၅၀ မီတာရှိတဲ့ မီးတောင်ပေါ်ကို တက်ရောက်ခဲ့တဲ့ တောင်တက်သမား (၉) ဦး သေဆုံးခဲ့တယ်လို့ CNN သတင်းတစ်ပုဒ်ဖော်ပြလာခဲ့ပါတယ်။ တောင်တက်သမားတွေ တက်ရောက်ခဲ့တဲ့ မီးတောင်ဟာ Klyuchevskaya Sopka တောင်ဖြစ်ပြီး ယူရေးရှားမှာ အမြင့်ဆုံး မီးတောင်တစ်ခု ဖြစ်ပါတယ်။ အဆိုပါ တောင်ဟာ နှင်းများနှင့် ရေခဲများရောကာ မီးတောင်ကျောက်ဆောင်များဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

သေဆုံးသူ (၉) ဦးအနက် (၅) ဦးဟာ တနင်္ဂနွေနေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး နောက်နေ့မနက်မှာ နောက်ထပ် ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ အဆိုပါ တောင်တက်သမားများဟာ အဖွင့်ဝင် ၁၂ ဦးဖြင့် သြဂုတ် ၃၀ ရက်ကတည်းက ခရီးစဉ်ကိုစတင်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေကတော့ အသက်ရှင်ကျန်ရစ်သူ (၃) ဦးကို ကယ်ထုတ်ဖို့ တနင်္ဂနွေနေ့က မီးတောင်ပေါ်ကို ရဟတ်ယာဉ်တစ်စင်းဖြင့် ဆင်းသက်ဖို့ ကြိုးစားခဲ့ပေမယ့် ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို ခေတ္တရပ်တန့်ခဲ့ရပါတယ်။ ဒါပေမယ့် အင်္ဂါနေ့နံနက်ပိုင်းမှာတော့ အသက်ရှင်ကျန်ရစ်သူများကို အနီးဆုံးကျေးရွာသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ထားကြောင်း ရုရှားအရေးပေါ်အခြေအနေဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့အချို့ဟာ မီးတောင်ပေါ်မှာ ကျန်ရှိနေဆဲဖြစ်ပြီး လူသေအလောင်းတွေကို ပြန်လည်သယ်ယူနိုင်အောင် ကြိုးစားလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ သေဆုံးသူများဟာ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့ရတာလဲဆိုတာကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
သတင်း အရင်းအမြစ်៖ Source - CNN





