မြန်မာပြည်သူတွေသာမက ကမ္ဘာကပါ အရေးတယူ တလေးတစားဖြင့် တန်ဖိုးထား ဖူးမျှော်ရတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီး ဟာ သိပ်မကြာခင် က (၃)နှစ် (၃)လ (၃)ရက် ဂူအောင်းကာ တရားကျင့်ကြံခဲ့ပြီးနောက် ဂူအတွင်းမှ ပြန်လည်ထွက်လာတဲ့အခါ ဦးနှောက်ငှက်ဖျားပိုးကို ခံစားခဲ့ရတယ်လို့သိရပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးဟာ ဦးနှောက်ငှက်ဖျားပိုးရောဂါကို ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး အဲ့သလိုဆေးကုသပြီးနောက်မှာတော့ မိုင်းဖုန်းဆရာတော်ကြီးဟာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး ယခုအခါမှာဆေးရုံက ပြန်လည်ဆင်းလာပြီလို့သိရပါတယ်။

ဒီကနေ့ ဩဂုတ် (၂၂)ရက်နေ့မှာတော့ မိုင်းဖုန်းဆရာတော်ဘုရားကြီးဟာ မယ်ဆိုင်မှတဆင့် တာချီလိတ်သို့ ဝင်လာကာ မိုင်းဖုန်း(ခ) ပါဆာ လွန်းလိန်းကျောင်းတိုက်သို့ ကြွရောက်မည်ဖြစ်ပြီး ဝါတွင်းကာလဖြစ်တဲ့အတွက် ဆရာတော်ဟာ ဧကစာရီ တစ်ပါးတည်း တရားအားထုတ် မေတ္တာပို့သွားမည်ဖြစ်ကြောင်း ၊ မည်သူကိုမျှ ဖူးတွေ့ခွင့်မပြုသေးကြောင်း ၊ သီတင်းကျွတ်မှသာ အဖူးမျှော်ခံမည်ဖြစ်ကြောင်း ၊ ဝါကျွတ်ပြီးလျှင် အနယ်နယ်အရပ်ရပ်သို့ သာသနာပြုခရီးစဉ်များရှိမည်ဖြစ်ကြောင်း နှင့် ဆရာတော်ဘုရားကို ဖူးမျှော်လိုတဲ့ ဒကာ ၊ ဒကာမများ ကိုလည်း ဆရာတော်ကြွလာစဉ် မိုင်းဖုန်းကျောင်းသို့လိုက်မသွားကြရန် နှင့် ဆရာတော်ကြွရောက်တဲ့ လမ်းတစ်လျှောက် လမ်းဘေးဝဲယာ မိမိတို့ရဲ့ အိမ်ရှေ့မှနေပြီး ဖူးမျှော်ကြပါရန် တိုက်တွန်းထားပါတယ်။






