အီတလီနိုင်ငံ ၊ Lake Como မြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့နာမည်ကျော် A’ Design Award 2022 ပြိုင်ပွဲမှာ မြန်မာပြည်ဖွားအမျိုးသမီး တစ်ဦးဖြစ်တဲ့ လက်ဝတ်ရတနာ ဖန်တီးရှင် ဒီဇိုင်နာ မအေးငြိမ်းဖြူ က ကမ္ဘာ့ဒီဇိုင်း အနုပညာရှင်များအကြား တန်ဖိုးအထားဆုံး ဆုကို တတိယဆု အနေနဲ့ ဆွတ်ခူးရရှိနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

၎င်း ပြိုင်ပွဲမှာ ကမ္ဘာ့နာမည်ကျော် ဒီဇိုင်းပညာရှင် (၂၂၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့က အကဲဖြတ်ရွေးချယ်ရာတွင် မအေးငြိမ်းဖြူရဲ့ “ Midnight Garden ” အမည်ရ ဆွဲသီး အဖြစ်သော်လည်းကောင်း၊ ရင်ထိုး အဖြစ်သော်လည်းကောင်း နှစ်မျိုး သုံးနိုင်တဲ့ ပြိုင်ပွဲဝင် ရတနာ ပစ္စည်းက တတိယဆုအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။

မအေးငြိမ်းဖြူ ဟာ (၂၀၂၀) ခုနှစ် ၊ စက်တင်ဘာလအစောပိုင်းက သူမ ဖန်တီးထားတဲ့ လည်ဆွဲတစ်ခုကို မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝတ်ဆင်ခဲ့ရာမှ လူသိများထင်ရှားခဲ့တာဖြစ်ပါတယ်။ ၎င်းလည်ဆွဲကို မအေးငြိမ်းဖြူအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ချစ်စဖွယ်မျက်နှာလေးများဖြင့် ဖန်တီးပုံဖော်ခဲ့ခြင်းဖြစ်ပါတယ်။

မအေးငြိမ်းဖြူသည် စင်ကာပူနိုင်ငံ (American International School) တွင် (12 Grade) အထိ ပညာသင်ခဲ့ပြီး ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ ရှိ OCAD University မှ Jewellery Design ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ကာ လက်ရှိမှာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် MONDSELLE နာမည်ဖြင့် လက်ဝတ်ရတနာများကို ဖန်တီးရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။


