ထိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က ချောင်ဘူရီရမ်စာသင်ကျောင်းမှ ၅ တန်းကျောင်းသူ လေးတစ်ဦးဟာ ကျောင်းကိုသွားရာမှာ ဆင်စီးပြီး ကျောင်းတက်ခဲ့တဲ့ TikTok ဗီဒီယိုဖိုင်တစ်ခုဟာ အင်တာနက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုဖိုင်ထဲမှာ ဆင်ကြီးနဲ့ ကလေးမလေးတို့ကြားက အံ့အားသင့်စရာ ချစ်ခြင်းမေတ္တာက အထင်းသားပေါ်လွင်ခဲ့ပြီး ကြည့်ရှုခဲ့တဲ့ သူတွေကို ဖမ်းစားနိုင်ခဲ့လို့ပါ။


ထိုင်း Nation TV ရဲ့ သောကြာနေ့က ဖော်ပြထားရာမှာ အဲ့ဒီဆင်လိမ္မာကြီးဟာ Tha Muang ခရိုင်အတွင်းရှိ အသက် ၂၅ နှစ်အရွယ် ဆင်ထီးကြီး Ole ဖြစ်ပြီး သူ့ကို အသက် ၃၈ နှစ်အရွယ် Wisanchon Yongram က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဆင်ပိုင်ရှင် Wisanchon ဟာ ဆင်သုံးကောင် ရှိပြီး Ole အပါအဝင် ကျန်ဆင်နှစ်ကောင်မှာ အသက် ၂၂ နှစ်အရွယ် Wassana နှင့် ၂ လသားအရွယ် Ngamta ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ ဆင်သုံးကောင်နဲ့ အတူ သူဟာ အယုဒ္ဓယဆင်နန်းတော်မှာ သွားရောက် ဖျော်ဖြေခဲ့ဖူးပါတယ်။

ဆင်ပိုင်ရှင် Wisanchon ရဲ့ သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် Patcharapha က ဆင်ထီးကြီး Ole နဲ့ နေ့စဉ် အနီးကပ်နေပြီး အစာကျွေး ၊ ရေချိုးပေးတာတွေ လုပ်ပေးပါတယ်။ ကလေးမလေးကတော့ သူ အသက် ၄ နှစ်လောက်ကတည်းက ဆင်ထီးကြီး Ole ကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။ ယခုဆိုရင် ကလေးမလေးက ၅ တန်းကျောင်းသူလေးဖြစ်နေပြီး ဆင်ထီးကြီး Ole က နေ့တိုင်း ကီလိုမီတာဝက်ခန့်ကို ကျောင်းသို့ သယ်ပို့ပေးနေတာ ဖြစ်ပါတယ်။ ကလေးမလေး Patcharapha က သူမ ကြီးပြင်းလာတဲ့အခါ တိရစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

Source - The Nation Thailand





