လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးစွဲနေတဲ့ YBS ယာဉ်လိုင်းများအနက် YBS ယာဉ်လိုင်း (၆) လိုင်းကို ဟိုးယခင် "မထသ" လိုင်းများကဲ့သို့ ယာဉ်စီးခနှုန်းထားများကို ခရီးအကွာအဝေးအလိုက် ပြောင်းလဲကောက်ခံသွားမယ်လို့ YRTC ကကြေညာလာခဲ့ပါပြီ။

အဆိုပါ ယာဉ်စီးခပြောင်းလဲကောက်ခံသွားမယ့်ယာဉ်လိုင်း (၆) ခုဟာ YUPT PUBLIC CO.,LTD က ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းတွေထဲမှ YBS 2 ၊ YBS 3 ၊ YBS 4 ၊ YBS 24 ၊ YBS 28 နဲ့ YBS 110 ယာဉ်လိုင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ပြောင်းလဲကောက်ခံသွားမယ့် ယာဉ်လိုင်းတွေမှာ ငွေသားဖြင့်ပေးချေလို့ရနိုင်ရုံသာမက ကဒ်စနစ်နဲ့ ယာဉ်စီးခပေးချေနိုင်တဲ့ YPS စက်တွေ တပ်ဆင်ပေးထားမှာဖြစ်ပြီး ခရီးစဉ် အစအဆုံး ကို (၄၀၀) ကျပ် ၊ ခရီးစဉ်တစ်ဝက်ကို (၂၀၀) ကျပ် နှုန်းနဲ့ အတက်တစ်ကြိမ် အဆင်းတစ်ကြိမ် ကတ် ဖြတ်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။






